DVB Logo
Home
မြန်မာသတင်း
ရခိုင်ရှိ ဒုက္ခသည်စခန်း ၃ခု ပိတ်သိမ်းပြီးဟု လူကယ်ပြန်ဝန်ကြီးပြော
DVB
·
January 9, 2018
ရခိုင်ရှိ ဒုက္ခသည်စခန်း ၃ခု ပိတ်သိမ်းပြီးဟု လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

 

ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်း ၃ခုကို ပိတ်သိမ်းပြီးဖြစ်သလို ကျန် ဒုက္ခသည်စခန်းတွေ ဆက်လက်ပိတ်သိမ်းဖို့ လုပ်နေတယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး မိုဟာမက် ဆက်ဖ်ဖီယာရာမန်တို့ နေပြည်တော်ဝန်ကြီးရုံးမှာ တွေ့ဆုံတုန်း ပြောဆိုခဲ့တာပါ။
၂၀၁၂ခုနှစ် နောက်ပိုင်း ပေါ်ပေါက်လာတဲ့ နေရပ်စွန့်ခွာသူများနေထိုင်ရာ ကယ်ဆယ်ရေး စခန်းများအနက် ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ ပေါက်တောကြိမ်နီပြင်စတဲ့ စခန်း (၃) ခုပိတ်သိမ်းပြီးပြီလို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

ဆက်လက်ပြီး စစ်တွေ သက္ကေပြင်နဲ့ မြေပုံမြို့ရှိကယ်ဆယ်ရေးစခန်း ပိတ်သိမ်းနိုင်ဖို့  စခန်းခေါင်းဆောင်တွေ စခန်းမှာ နေထိုင်သူတွေ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့နဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လည်း သတင်းက ဆိုပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အစိုးရက ဒုက္ခသည်စခန်း တွေကို အတင်းအဓမ္မ ပိတ်သိမ်းခိုင်းတာမတွေ့ရဘဲ ဒုက္ခသည်တွေက နေရာမပြောင်းလိုတာဘဲ တွေ့ရတယ်လို့ ပြောပါတယ်။

“အစိုးရအနေနဲ့ အတင်းအဓမ္မတော့ ပိတ်တာ မဟုတ်ပါဘူး။ သူတို့နဲ့ တိုင်ပင်ပြီးတော့ သူတို့ မလုပ်ချင်ရင်လည်း အတင်းအကျပ်ရွှေ့ခိုင်းတဲ့ အခြေအနေတော့ ခုချိန်ထိ မကြားသေးဘူး။ မြေပုံမှာက သူတို့က သူတို့ အခုနေနေတဲ့ နေရာမှာပဲ နေချင်တဲ့ ဆန္ဒရှိတယ်။ မြေပုံမှာကျတော့ တခြား ရွှေ့မယ့်နေရာလည်း မရှိတော့ဘူး။ မီးလောင်ကွင်းကလည်း ရခိုင်ရွာ ရခိုင်မြို့နဲ့ကပ်နေ တော့ သူတို့ဘက်က မသွားရဲတာလည်းပါတယ်။ အာဏာပိုင်တွေဘက်က စိတ်မချတာလည်း ပါတာပေါ့”

ဒုက္ခသည်စခန်းနေသူတွေရဲ့ အသက်မွေဝမ်းကျောင်းလုပ်ငန်းတခုဖြစ်တဲ့ ရေလုပ်ငန်းနဲ့ ဝေးတဲ့နေရာမှာ မနေလိုကြတာကြောင့် နေရာ မပြောင်းလိုကြတာလို့လည်း ပြောပါတယ်။

ဝန်ကြီးနဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်တို့ဟာ  ကယ်ဆယ်ရေးစခန်းများမှာ နေထိုင်သူများ လွတ်လပ် စွာသွားလာခွင့်ရရှိရေးအတွက် ဥပဒေဆိုင်ရာ ကန့်သတ်ချက်များလျှော့ချနိုင်ရေး၊ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်များလျှော့ချနိုင်ရေး စတဲ့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဟာ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်တွေကို ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း လိုက်လံအကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပြီး ဒီထဲ ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ လုပ်ငန်းလည်း ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013