DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့မှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ၄ တန်းကျောင်းသားလေး ၁ ဦး ပြန်လွတ်မြောက်လာ
DVB
·
January 9, 2018
မြိတ်မြို့မှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ၄ တန်းကျောင်းသားလေး ၁ ဦး ပြန်လွတ်မြောက်လာ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ၄ တန်းကျောင်းသားလေးတဦး အမည်မသိ ဆိုင်ကယ်သမားရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပြီးနောက် ပြန်လွတ်မြောက်လာတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။

မြိတ်မြို့၊ ရေပုန်း အ.လ.က ခွဲမှာ ၄ တန်း တက်ရောက်နေတဲ့ မောင်ကျော်ထက်ဝင်း အသက် ၁၁ နှစ်ဟာ ဇန်နဝါရီ ၃ ရက်က ကျောင်းကိုသွားချိန်မှာ ဆိုင်ကယ်စီးသူတဦးရဲ့ ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရပြီး အဲဒီကတဆင့် ကားနဲ့ ခေါ်သွားကာ ရေးမြို့ကိုအရောက်မှာ အပေါ့သွားချင်တယ်လို့ပြောပြီး မောင်ကျော်ထက်ဝင်းက ချုံတခုထဲမှာ ပုန်းနေခဲ့ရာ မနက်လင်းချိန်မှ လူတဦးက တွေ့ရှိ ကယ်ဆယ်ခဲ့လို့ မြိတ်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

မောင်ကျော်ထက်ဝင်းရဲ့ အဘွားဖြစ်သူ ဒေါ်အေးအေးဖြူက “ကလေးက ကျောင်းသွားမယ်ဆိုပြီး ထွက်သွားတယ်။ နေ့လယ် ထမင်းစားချိန် ပြန်မရောက်လာတော့ ကျောင်းကို ကျမ လိုက်သွားတယ်။ အတန်းပိုင်ဆရာမက ဒီနေ့ ကျမ မြေးလေး ကျောင်းမလာဘူးလို့ ပြောတယ်။ အဲဒါမှ ကျမကလေး ပျောက်ပြီလို့ သိလိုက်ရတယ်”လို့ ပြောပါတယ်။

ဒီနောက် ရဲစခန်းတွေနဲ့  အုပ်ချုပ်ရေးမှူးရုံးတွေမှာ တိုင်ချက်ဖွင့်ခဲ့ပြီး လိုက်လံရှာဖွေနေခဲ့ရတယ်လို့လည်း ပြောပါတယ်။  

“တမြို့လုံး လိုက်ရှာတယ်။ မြေးလေးရဲ့ သူငယ်ချင်းအိမ်တွေကိုလည်း လိုက်ရှာတယ်။ ဒါပေမယ့် မတွေ့ဘူး။ ၅ ရက်နေ့ကျတော့ မွန်ပြည်နယ် ရေးမြို့မှာရှိတဲ့ ကျမရဲ့ ဝမ်းကွဲတော် အစ်ကိုဆီက ဖုန်းလာတယ်။ ပျောက်သွားတဲ့ ကျမ မြေးလေးကို ရေးမြို့မှာ တွေ့တယ်လို့ ပြောလာပါတယ်။ အိမ်နားမှာရှိတဲ့ လူတဦးက မြေးလေးကို ရေးမြို့ ရွှေဆံတော်ဘုရားနားမှာ ငိုနေတာတွေ့လို့ ခေါ်လာတယ်လို့ ပြောပါတယ်။ အခု ကျမ ရဲစခန်းကို ပြန်သွားပြောပေမယ့် ရဲက ရပြီ ပြန်တော့လို့ ပြောပါတယ်။ ကျမအနေနဲ့ ဒီလိုဖြစ်စဉ်မျိုး တခြားကလေးတွေကိုလည်း မဖြစ်အောင် ဖော်ထုတ် အရေးယူပေးစေချင်ပါတယ်"လို့ ပြောပါတယ်။

မောင်ကျော်ထက်ဝင်းကို ဖမ်းဆီးသွားသူမှာ ထိုင်းစကား ပြောကြောင်း၊ ကလေးကို လက်နဲ့ဆွဲခေါ်ယူချိန်မှာ ကလေးဟာ မေ့မြောသွားကြောင်း၊ သတိရတဲ့အခါ ကားတစီးပေါ်မှာ ဖမ်းခေါ်လာသူက ကားမောင်းပြီး ဘေးမှာ အမျိုးသမီးတဦးနဲ့ ထိုင်းစကားတွေ ပြောနေကြောင်း၊ အနီးမှာ သူနဲ့အရွယ်တူ ကလေးငယ် ၄ ဦးလောက် ရှိနေကြောင်း မောင်ကျော်ထက်ဝင်းက ပြောပါတယ်။

တနေရာမှာ ကားရပ်နားလိုက်ချိန် မောင်ကျော်ထက်ဝင်းက အော့အန်ပြီး အပေါ့လည်း သွားချင်ကြောင်း ပြောကာ အနီးနားရှိ ချုံပုတ်ထဲကို ပြေးဝင်ပြီး ပုန်းနေကြောင်း၊ ကားပေါ်က လူတွေ လိုက်ရှာပေမယ့် ခဏအကြာမှာ ပြန်မောင်းထွက်သွားကြောင်း၊ မနက်ကျမှ ဗိုက်ဆာပြီး ငိုနေချိန်မှာ လူတဦးက လာရောက်ခေါ်ယူသွားရာမှ ဆွေမျိုးတွေနဲ့ တွေ့ရတာလို့ အဲဒီကျောင်းသားလေးက ပြောပါတယ်။

ဒေါ်အေးအေးဖြူအနေနဲ့ ကျောင်းအုပ်ဆရာကြီးကို ဖြစ်စဉ်ပြောပြထားပြီး ကျောင်းမှာလည်း အခုလို ထပ်မံမဖြစ်ပွားစေဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ ကျောင်းအုပ်ဆရာကြီးက မောင်ကျော်ထက်ဝင်းနဲ့ ကျောင်းသားမိဘတွေ မနေ့က တွေ့ဆုံပြီး ကျောင်းမှာ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013