DVB Logo
Home
မြန်မာသတင်း
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ယာယီရွှေ့ဆိုင်း
DVB
·
January 8, 2018
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ယာယီရွှေ့ဆိုင်း
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့မှာ ဒီလ ၁၂ ရက်ကနေ ၁၄ ရက်ထိ ကျင်းပဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းလိုက်တယ်လို့  RCSS/SSA ရှမ်းပြည်တပ်မတော်က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လူထုတွေ့ဆုံပွဲတွေ ကွင်းဆင်းဆောင်ရွက်ရာမှာ တပ်မတော်ဘက်က တားဆီးပိတ်ပင်တာ ရှိခဲ့ပြီး ပြည်သူအားလုံးရဲ့ သဘောထားတွေ ကောက်ယူနိုင်စွမ်း မရှိလို့ ကြိုတင်ပြင်ဆင်ထားတဲ့ ဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းထားတယ်လို့  ရှမ်း ND  ဖြစ်မြောက်ရေး ကော်မတီဝင်၊ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“ယာယီရွှေ့ဆိုင်းရတဲ့ အဓိကအချက်ကတော့ ကျနော်တို့ လူထုသဘောထားတွေ အကုန်လုံး ကောက်ယူနိုင်ခြင်း မရှိလို့ပါဘဲ။ လူထုသဘောထား ရဖို့ လူထုတွေ့ဆုံပွဲ လုပ်တာကို တားဆီးခံရတယ်။ ပင်လုံ၊ တာချီလိတ်၊ ကွန်ဟိန်းနဲ့ ကျောက်မဲမြို့က လူထုတွေ့ဆုံပွဲတွေပေါ့၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရက ခွင့်ပြုတာကို တပ်မတော်က အထက်အမိန့်နဲ့ လာတားတာလို့ ပြောတယ်။ တောင်ကြီးမှာ ဒီလ ၇ ရက်ကနေ ၉ ရက်နေ့ လူထုတွေ့ဆုံပွဲ၊ အကြိုဆွေးနွေးပွဲ လုပ်ဖို့ သက်ဆိုင်ရာကို စာတင်ပြီး ကျနော်တို့ ကိုယ်စားလှယ်ကိုယ်တိုင် နေပြည်တော်မှာ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ သွားပြီးညှိနှိုင်းပြီးပြီ။ ဒီနေ့ထိ ဘာမှအကြောင်းမပြန်လို့   လင်းခေးမှာ လုပ်မယ့် ဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်။”

အခုလို လူထုဆန္ဒသဘောထားတွေ မရနိုင်တာကြောင့် လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကိုလည်း တက်ရေး၊ မတက်ရေး ဆုံးဖြတ်လို့ မရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းဘက်က ယခင်က တောင်ကြီး ဒါမှမဟုတ် ပင်လုံမှာ ကျင်းပခွင့်ပြုဖို့ တောင်းထားရာမှာ တပ်မတော်က ရှမ်း ND ကို ဦးဆောင် ဆွေးနွေးမယ့်အဖွဲ့ဟာ RCSS/SSA ဖြစ်တာကြောင့် တောင်ကြီးမှာရော၊ ပင်လုံမှာပါ ပြုလုပ်ခွင့် မပြုဘဲ RCSS/SSA မိုင်းတော့၊ မိုင်းထား၊ မိုင်းပန် စတဲ့မြို့တွေမှာသာ ခွင့်ပြုခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက နေပြည်တော်မှာ လုပ်သွားတဲ့ JICM ၆ ကြိမ်မြောက် အစည်းအဝေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်စေ့စပ်ပေးလို့ လင်းခေးမှာ လုပ်ဖို့ နှစ်ဖက် သဘောတူချက်ရခဲ့တာပါ။

လင်းခေးမှာ ရှမ်း ND မကျင်းပခင် လူထုတွေ့ဆုံပွဲ လုပ်ရာမှာတော့ အခုလို အတားအဆီးတွေ ခံနေရတာ ဖြစ်ပါတယ်။

တပ်မတော်က တားဆီးရတဲ့ အကြောင်းတွေထဲမှာ ရှမ်းလူထုတွေ့ဆုံပွဲကို ရှမ်း ND ကို RCSS/SSA က ဦးဆောင်ကျင်းပဖို့ အန်စီအေ သဘောတူချက်ထဲပါရှိပေမယ့်  တရားဝင်အသိအမှတ်မပြုတဲ့ ရှမ်းပြည်ညီညွတ်ရေးကောင်စီ CSSU က ဦးဆောင်နေသလို CSSU ထဲမှာလည်း အပစ်ရပ်လက်မှတ်ရေးထိုးမထားတဲ့ SSPP/SSA  ပါရှိနေတာကြောင့် ဖြစ်တယ်လို့ လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဦးက ရှမ်း ND ဟာ ရှမ်းတမျိုး သားလုံးကို ကိုယ်စားပြုတာကြောင်း ရှမ်းအဖွဲ့အားလုံးပါဝင်ရမှာဖြစ်ကြောင်း၊ တဖွဲ့ဖွဲ့ကသာ ဦးေ ဆာင်ရင် တမျိုးသားလုံးကိုယ်စားမပြုနိုင်ကြောင်း၊ RCSS/SSA မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အဖွဲ့ထဲ ပါနေတာကြောင့် အားလုံးကဆက်စပ်နေတယ်လို့ ပြောပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ရှမ်း ND ဟာ ရှမ်းတမျိုးသားလုံးအတွက် အရေးကြီးတဲ့ အစည်း အဝေးဖြစ်လို့  အခုလို ယာယီရပ်ဆိုင်းကြောင်းထုတ်ပြန်လိုက်ပေမယ့် ပြန်လည်ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေ ဆက်လက်ရှာဖွေညှိနှိုင်းသွားမယ်လို့ ရှမ်းလက်နက်ကိုင်အဖွဲ့က ပြောပါတယ်။

Photo : Sai Laeng

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013