DVB Logo
Home
မြန်မာသတင်း
ရခိုင်သို့ သတင်းသမားများအား လွတ်လပ်စွာ ဝင်ခွင့်ပေးရန် ဒေါက်တာဆူရာကီရတ် အကြံပြု
DVB
·
January 8, 2018
ရခိုင်သို့ သတင်းသမားများအား လွတ်လပ်စွာ ဝင်ခွင့်ပေးရန် ဒေါက်တာဆူရာကီရတ် အကြံပြု
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး သတင်းသမားတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးသူတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပေးသင့်တယ်လို့ ဒေါက်တာ ဆူရာကီရတ်ဆာသီရာထိုင်းက  အကြံပြုပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာဆူရာကီရတ်က  ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောလိုက်တာပါ။

“ရခိုင်ပြည်နယ်တွင်းမှာ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်ဖို့ အရေးကြီးသလို တခြား သက်ဆိုင်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအနေနဲ့ လွတ်လွတ်လပ်လပ် စုံစမ်းလေ့လာခွင့်ရနိုင်ဖို့ အရေးကြီးပါတယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့လက ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးနဲ့ ပတ်သက်ပြီးလည်း ဒါဟာ နိုင်ငံတကာမီဒီယာတွေအပေါ် ကန့်သတ်ထိန်းချုပ်မှုဆီ ဦးတည်နေတာမျိုး မဖြစ်စေဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးကို အစိုးရ လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှု သံသယရှိသူတွေအဖြစ် ဒီဇင်ဘာ ၁၂ ရက်နေ့က အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၂ ဦး ဖမ်းဆီးခံရမှုအပေါ် စိုးရိမ်ကြောင်း အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းဆီ တင်ပြထားကာ ဒီအမှုနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖို့၊ ဆီလျော်တဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ အကြံပြုထားတယ်လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကို ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ်ဆာသီရာထိုင်း အပါအဝင် ပြည်တွင်း ပြည်ပက ပညာရှင် ၁၀ ဦးနဲ့ ဒီဇင်ဘာ ၁၄ ရက်မှာ နိုင်ငံတော်ကဖွဲ့စည်းခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဝိုင်းဝန်းဝေဖန်နေကြပြီး သူ့ရဲ့အမြင်ကတော့ ဒါဟာ ပြည်တွင်းနိုင်ငံရေး အကန့်အသတ်ထဲ ရောက်နေတယ်လို့ ဆူရာကီရတ်က သုံးသပ်ပါတယ်။

ရခိုင်ပြဿနာမှာ လက်ညှိုးထိုး အပြစ်တင်ဖို့ထက် အတွင်းပိုင်းမှာ အများသဘော တူညီချက်နဲ့ ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားခဲ့တာလို့ သူက ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်း အခြေအနေကို ပြည်တွင်းနဲ့ နိုင်ငံတကာက သုံးသပ်ရှုမြင်ပုံတွေဟာ ကွာဟမှု ကြီးကြီးမားမား ရှိနေပါတယ်။ ဒီအချက်ကို ပေါင်းကူးအနေနဲ့ ချိတ်ဆက်မပေးနိုင်ဘူးဆိုရင် အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ အနှောင့်အယှက် အဟန့်အတားတွေအဖြစ် ဆက်ရှိနေဦးမှာပဲ။”

ရခိုင်အကြံပေးအဖွဲ့ဟာ မြန်မာစစ်တပ် အပါအဝင် ရခိုင်ပြည်နယ်မှာရှိတဲ့ အဖွဲ့အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးတိုင်ပင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

သူ့ရဲ့ ရခိုင်အကြံပေးအဖွဲ့ကို အပြောသက်သက် အဖွဲ့တဖွဲ့အနေနဲ့ မဖြစ်ချင်ဘဲ လက်တွေ့ကျကျ တိုးတက်မှုတွေ ရလာအောင် လုပ်ဆောင်နေတဲ့ အဖွဲ့တဖွဲ့သာ ဖြစ်ချင်တယ်လို့ ဆူရာခီရာ ဆိုပါတယ်။

ရခိုင်အကြံပေးအဖွဲ့ဟာ မြန်မာအစိုးရရဲ့ အာဘော်အတိုင်း ပြောမှာ မဟုတ်သလို နိုင်ငံတကာ အသိုင်းအဝန်းဘက်ကလည်း ကိုယ်စားပြု ပြောဆိုမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒီအကြံပေးအဖွဲ့ဟာ ဇန်နဝါရီ ၂၂ ရက်နေ့မှာ မြန်မာအစိုးရနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပြီး လာမယ့် ဇန်နဝါရီ ၂၄ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ကို ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Dr. Surakiart

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013