DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းများကြောင့် နေအိမ် ၆ လုံးနှင့် ဘုန်းကြီးကျောင်း ပျက်စီး
DVB
·
January 8, 2018
တိုက်ကြီးတွင် တောဆင်ရိုင်းများကြောင့် နေအိမ် ၆ လုံးနှင့် ဘုန်းကြီးကျောင်း ပျက်စီး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် လူသန့်အင်းကျေးရွာမှာ ဇန်နဝါရီ ၇ ရက်နေ့က တောဆင်ရိုင်းတကောင်ဝင်ရောက် ဖျက်ဆီးခဲ့တဲ့အတွက် လူနေတဲအိမ် ၆ လုံးနဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်း ပျက်စီးသွားတယ်လို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။

တဲအိမ်ဖျက်ဆီးခံရတဲ့ ဦးသိန်းဇော်က “နေ့ခင်းဘက်ကတည်းက ဆင်ကဝင်နေတာ။ ဒါပေမယ့် သစ်တောက အဖွဲ့တွေရယ်၊ ဆင်ဖမ်းတဲ့အဖွဲ့တွေက လာစောင့်မောင်းနေတာ။ ဆင်က မသွားဘူး။ ငြိမ်နေတာ ညဘက်ကျတော့ မမောင်းရဲဘူးလေ။ စောင့်တော့ ကြည့်နေတာပေါ့။ ည ၁၁ နာရီလောက်ကျတော့ ဝင်လာတော့တာပဲ။ ဆင်လည်း လာရောက် ကျနော်တို့လည်း ထွက်ပြေးရတာပေါ့။ အဲမှာ သူက အိမ်တွေကို ဝင်ဖျက်ဆီးပြီး တဲထဲမှာရှိတဲ့ ဆန်၊ ဆား၊ ငါးပိ၊ ငါးခြောက်တွေကို အကုန်စားသွားတာ။ ပြီးတော့ တဲထဲမှာရှိတဲ့ ပစ္စည်းတွေကို အကုန်ဆွဲပြီး လွှင့်ပစ်ထားခဲ့တာ။ တောဆင်ရိုင်းတွေ ဝင်တာဆို ၅ နှစ်ရှိသွားပြီ။ ဒီအချိန်ဆို ရောက်လာပြီ။ ကျနော်တို့ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေ စပါးခင်းတွေကို ဝင်စားသောက်ပြီး အိမ်တွေကိုလည်း အမြဲဖျက်ဆီးထားခဲ့တာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

သာယာဝတီမြို့နယ် သစ်ထုက်လုပ်ရေးမှ ဆင်ဆရာဝန် ဒေါက်တာဖြိုးသူအောင်ကတော့ “ကျေးရွာက လူတွေက သစ်တောဦးစီးဌာနကို အကြောင်းကြားတယ်။ သစ်တောက ကျနော်တို့ကို ပြောတယ်။ ဒါကြောင့် ကျနော်တို့အဖွဲ့တွေ လာမောင်းပေးတာ။ အခုက လူနဲ့ပဲ မောင်းနေတော့ ဆင်က မသွားဘူး။ ဒါကြောင့် အခု ဆင်စခန်းက ဆင်တွေကို သွားခေါ်နေတယ်။ ဆင်တွေ ရောက်လာရင်တော့ ဝေးဝေးကိုမောင်းပို့ရမှာ။ အခုက မြို့နဲ့ ၂ မိုင်လောက်ပဲ ဝေးတော့တယ်။ ဒါကြောင့် စောင့်ကြည့်နေတာ။ ကားလမ်းကျော်သွားတာနဲ့ အန္တရာယ်ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

ပဲခူးရိုးမတောအတွင်း ၁၉၉၆ ခုနှစ် စတင်ကာ တဘူးလှဆည် တည်ဆောက်ခဲ့ပြီး တောထဲကို လူတွေ ဝင်ရောက်လုပ်ကိုင် စားသောက် နေထိုင်တာကြောင့် တောဆင်ရိုင်းတွေ စားကျက် ပျောက်ဆုံးသွားခဲ့ပြီး အခုလို လူတွေနေတဲ့ ကျေးရွာတွေကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အရင်တွေက လူတွေ စိုက်ပျိုးထားတဲ့ စပါး၊ ကြံ၊ ကလောနဲ့ အခြားသီးနှံတွေကို ဝင်ရောက်စားသောက်ရာမှာ အခုနောက်ပိုင်း လူတွေ နေထိုင်တဲ့ ယာတဲတွေမှာ ဆန်၊ ဆား၊ ငါးပိ၊ ငါးခြောက်တွေကိုပါ ဝင်ရောက်စားသောက်လာတဲ့အတွက် လူနေအိမ်တွေပါ ဖျက်ဆီးခံနေရပါတယ်။

တိုက်ကြီးမြို့နယ်မှာ နှစ်စဉ် လူနဲ့ ဆင်ပဋိပက္ခတွေ ဖြစ်ပေါ်နေပြီး ဆင်မုဆိုးတွေကြောင့် တောဆင်ရိုင်း သေဆုံးမှုတွေလည်း ရှိနေသလို တောဆင်ရိုင်း အနင်းခံရပြီး လူသေဆုံးတာတွေလည်း ရှိနေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013