DVB Logo
Home
မြန်မာသတင်း
လယ်ကြားရေပေးမြောင်း ပျက်စီးနေ၍ ရေအခက်အခဲဖြစ်မည်ကို တောင်သူများ စိုးရိမ်
DVB
·
January 8, 2018
လယ်ကြားရေပေးမြောင်း ပျက်စီးနေ၍ ရေအခက်အခဲဖြစ်မည်ကို တောင်သူများ စိုးရိမ်
1 / 3
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း ကင်းတားဆည်က နွေစပါးအတွက် ရေပေးတဲ့ လယ်ကြားရေပေးမြောင်းတွေ အပျက်အစီး များနေတာကြောင့် နွေစပါးစိုက်တဲ့အခါ ရေအလေလွင့်များပြီး စပါးစိုက်ခင်းအတွင်း ရေရရှိရေး အခက်အခဲဖြစ်မှာ တောင်သူတွေက စိုးရိမ်နေကြပါတယ်။

သင်္ဃန်းဆွဲရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က “ကင်းတားဆည်ကြီး တည်ဆောက်ပြီး ဆည်ရေ စပေးကတည်းက အခုချိန်အထိ ‎လယ်ကြားရေပေးမြောင်းတွေ ပြင်တာ မရှိသေးဘူး။ အဲဒါတွေကနေ လယ်ထဲ ရေသွင်းမရတဲ့ တောင်သူတွေက အင်ဂျင်မောင်းပြီး ရေသွင်းစိုက်ရတာပေါ့။ နွေစပါးစိုက်တာက ရေလိုတယ်။ ရေပေးမြောင်းတွေ ကောင်းရင် ရေသွင်းရ လွယ်တယ်။ အဲဒါတွေ မကောင်းရင် ရေအလုံအလောက် မရနိုင်ဘူးပေါ့” လို့ ပြောပါတယ်။

တောင်သူ ကိုမြင့်ဦးက “လယ်ကြားမြောင်းတွေက မကောင်းဘူး။ အထက် ၃ ရက်၊ အလယ် ၁၀ ရက်၊ အောက် ၆ ရက်ပေါ့။ အထက်ကလူက သုံးမြဲသုံးနေတယ်။ အလယ်ကလူက ရေများလို့ ဆယ်နေရတယ်၊ အောက်ကလူကတော့ ခြောက်ကပ်နေတယ်ဆိုတဲ့ အဆိုရှိတယ်။ အခုဟာက အထက်နားကပဲ သုံးရတယ်၊ ကျန်တာတွေ ပျက်နေပြီ၊ ပြန်ပြင်ပေးစေချင်တယ်။ စပါးအတွက် ရေက အဓိကကျတယ်” လို့ ပြောပါတယ်။

ကင်းတားဆည်မြောင်း အေအီး ဦးခင်မောင်ဝင်းက “ဟုတ်တယ်၊ စီမံကိန်းပြီးကတည်းက ပြင်ဆင်တာ မလုပ်ရသေးဘူး။ မြောင်းဆုံမြောင်းဖျား ခေါင်းစဉ်နဲ့ ပြင်ဆင်စရိတ် တောင်းထားတယ်၊ ဒီလထဲလောက်ကျရင် ပြင်ပေးလို့ ရတယ်။ တချို့ မြောင်းဆုံ အုတ်ဖောလေးတွေဆို လဲကျနေတယ်၊ နွေစပါးအမီ ပြင်ပေးမှာပါ”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်ထဲမှာ နွေစပါးစိုက်မယ့် ‎ဧကပေါင်း ၃ သောင်းကျော် လျာထားပါတယ်။ ကင်းတားဆည်ရေ သုံးပြီး စိုက်မယ့် ဧက ၂၈၀၀၀ ကျော် လျာထားပြီး နွေစပါးအတွက် ကင်းတားဆည်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ရေပေးမယ်လို့ စိုက်ပျိုးရေးဌာနက ပြောပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013