
မြိတ်မြို့မှာ တည်ဆောက်မယ့် Sea View Condo စီမံကိန်းနဲ့ပတ်သက်ပြီး EIA, SIA သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်ကို လူထုနဲ့တွေ့ဆုံပြီး အသိပေး ရှင်းလင်းပွဲ ဇန်နဝါရီ ၇ ရက်က ပုလဲသန္တာဟိုတယ်မှာ ပြုလုပ်ပါတယ်။
ပင်လယ်ဘက်ကို မျက်နှာမူ တည်ဆောက်မယ့် Sea View Condo စီမံကိန်းမှာ တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုချက်ရတာနဲ့ စတင်ဆောက်လုပ်မှာဖြစ်ပြီး အခုလက်ရှိအနေထားမှာ Shop House တွေကို တည်ဆောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။
MIC မှ ရင်းနှီးမြှုပ်နှံခွင့် အမေရိကန်ဒေါ်လာ ၁၇၃ သန်း ခွင့်ပြုချက်ရထားတဲ့ Sea Condo စီမံကိန်းကို အခုလအတွင်း စတင်ဆောင်ရွက်နိုင်မယ်လို့ စီမံကိန်းလုပ်ငန်းဒါရိုက်တာဦးဟန်ထူးအောင်က ပြောပါတယ်။
အဆိုပါ လူထုတွေ့ဆုံပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေ၊ အတတ်ပညာရှင်တွေနဲ့ ဖိတ်ကြားသူတွေ တက်ရောက်ကာ အထပ်မြင့် အိမ်ရာစီမံကိန်းနဲ့ ပတ်သက်ပြီး သိလိုတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့ကြပါတယ်။
စီမံကိန်းလုပ်ငန်းဒါရိုက်တာဦးဟန်ထူးအောင်က“တိုင်းဒေသကြီးအစိုးရစီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုချက်ရဖို့ ဗဟိုမီးသတ်ဦးစီးရဲ့မီးဘေး ကာကွယ်မှု ခွင့်ပြုချက်၊ အဆောက်အအဦ ဒီဇိုင်းနဲ့ပတ်သက်ပြီး ခွင့်ပြုမိန့်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုမိန့်၊ အခုနောက်ဆုံး သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်ရီပို့ပေါ့။ ဒါတွေ လိုအပ်ပါတယ်။ ကျနော်တို့ အခုနောက်ဆုံးအဆင့်ဖြစ်တဲ့ EIA, SIA သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက်ကို ပြည်သူလူထုကို အသိပေး ရှင်းလင်းတာ လုပ်နိုင်ခဲ့ပါပြီ။ ဒါတွေကို နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုအစိုးရကို ဆက်လက်တင်ပြပေးသွားမှာပါ” လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက “ဒီနေ့လုပ်သွားတဲ့ တွေ့ဆုံပွဲက အထိုက်အလျောက် အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ အရင်ကထက် ပြည်သူလူထုတွေ တက်ရောက်မေးခွင့်ရလာတယ်။ သူတို့ကလည်း မေးမြန်းချက်တွေကို ပြန်လည်ရှင်းပြခဲ့တာ တွေ့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ကတော့ ဒေသခံတွေကို လုပ်ငန်းကျွမ်းကျင်အောင် သင်တန်းလုပ်ပေးမယ်။ ပြီးရင် အလုပ်ခန့်ထားပေး စီစဉ်ပေးမယ်လို့ ပြောတယ်။ ကျနော့်အနေနဲ့ကတော့ ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်အလမ်း မကြာခင် ရလာကြလိမ့်မယ်လို့ သုံးသပ်မိပါတယ်”လို့ ပါတယ်။
အထပ်မြင့်အိမ်ရာစီမံကိန်းကို ယန်စီမြစ်အင်တာနေရှင်နယ်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မှာဖြစ်ပြီး တရုတ်ကုမ္ပဏီအုပ်စုမှ ၈၀ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်မှ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ စီမံကိန်းဖြစ်ပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)











