DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာက ဆင်းရဲသားများ နေရေးအခက်ကြုံ
DVB
·
April 29, 2012
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ထဲက ဂျီအီးတပ် ၉၆ က တပ်ပိုင်မြေကို ခြံစည်းရိုးခတ်ပြီး ခြံစည်းရိုးတွင်း တဲထိုးနေထိုင်သူတွေကို ဧပြီ ၂၉ ရက် မနက် ၈ နာရီမှာ ထွက်ခိုင်းလို့ နေရေးအခက်အခဲ ကြုံနေကြပါတယ်။

အရင်က အဲဒီတပ်ကနေ တချို့ကို ငှားထားသလို တချို့ကလည်း ကိုယ့်သဘောနဲ့ ကိုယ် ဆောက်လုပ်နေထိုင်ကြတာတွေလည်း ရှိပါတယ်။

အခုလို ရုတ်တရက် တပ်ဧရိယာကို ခြံခတ်လိုက်တာကြောင့်  နေစရာ ပျောက်ကုန်တာ ဖြစ်ပါတယ်။

ဒုက္ခရောက်သူတွေကို ကူညီနေတဲ့ ရွှေပြည်သာ အန်အယ်လ်ဒီပါတီ တာဝန်ခံ ဒေါ်အေးအေးမာက “မနက်ကအခြေအနေက အထဲမ၀င်ရဘူး ပြောတယ်။ အခုညနေလည်း ဒီအတိုင်းပဲ။ အထဲမ၀င်ရဘူး အပြင်လည်း မထွက်ရဘူး။ မနက်က ထမင်းဝေတယ်လို့ ကြားတယ် စုံအောင် မကျွေးဘူး။ ဒီဘက်က မြင်နေရတဲ့သူတွေပဲ ကျွေးတယ်။ ဟိုဘက်က မြေငှားထားတဲ့သူ၊ အိမ်ငှားထားတဲ့သူတွေကျတော့ မကျွေးဘူး။ အဲဒီလူတွေက ၀င်လို့မရဘူးဆိုတော့ လမ်းမမှာထွက်အိပ်ရမယ်လေ။ ညနေစာကျွေးဖို့ အခုလည်း ရပ်ကွက်ထဲမှာ အလှူတွေ ခံနေတယ်” လို့ ပြောပါတယ်။

ခြံစည်းရိုးအပြင်မှာရှိနေတဲ့ လူဦးရေ ၁၀၀ ကျော်လောက်ဟာ အိပ်ဖို့ နေရာမရှိလို့ အတော်ဒုက္ခရောက်နေကြပြီး ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) နဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ခြံစည်းရိုးကို အင်းစိန် ၁ ရပ်ကွက်ကနေ ရွှေပြည်သာ ၁ ရပ်ကွက်အထိ ခတ်လိုက်တာဖြစ်တဲ့အတွက် အကုန်လုံး အပြင်ရော အထဲရော လူဦးရေ ၃၀၀ ကျော် ၄၀၀ လောက် နေထိုင်ရေး အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။

အဲဒီမှာ အိမ်ခြေအလုံး ၁၃၇ လုံးလောက်ရှိပြီး နေထိုင်သူတွေဟာ ခြံစည်းရိုး မခတ်ထားတဲ့အတွက်အရင်က ဂျီအီးတပ်အပိုင်ဆိုတာ မသိကြဘူးလို့ ပြောပါတယ်။

“အရင်တုန်းက ဂျီးအီးတပ်မှန်းကို မသိဘူး။ ဒီအတိုင်း ငှားထားတာ။ ငှားထားတဲ့လူတွေကို တဲတွေ ဖျက်တယ်။ ရပ်ကွက်ဥက္ကဋ္ဌ ခေါ်တယ်။ ရပ်ကွက် ဥက္ကဋ္ဌကနေ ဒီနေရာကို ဖျက်ပြီး အစားရမယ်လို့ပြောတယ်။ အဲတော့ တဲ ၄ လုံး ဖျက်တယ်။ မပေးတော့ အိမ်ပြန်ဆောက်တယ်။ အဲဒီလိုဆောက်ရင်းနဲ့ လူတွေ တော်တော် ဒုက္ခရောက်တယ်။”

အခုလို နေအိမ်တွေကနေ အပြီးထွက်ခိုင်းတဲ့အတွက် အတော်အခက်အခဲကြုံကြရပြီး တချို့ ကလေးတွေလည်း နေထိုင်မကောင်းဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“ပြန်လို့ မရသေးဘူး။ လူတွေက အများကြီး ဖြစ်နေတယ်။ နေမကောင်းနေတဲ့ ကလေးတွေလည်း ရှိတယ်။ ထမင်းမစားရသေးတဲ့လူတွေ ရှိတယ်။ ယောက်ျားပြန်အလာကို မျှော်နေတဲ့သူတွေရှိတယ်။ တချို့က ကျောင်းသားတွေ အထဲကို မ၀င်ရဘူး။ မိသားစုတွေက အထဲမှာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013