DVB Logo
Home
မြန်မာသတင်း
ဖြူးတွင် ပဲစိုက်ခင်များ ပိုးကျ၍ တောင်သူများအခက်ကြုံ
DVB
·
January 7, 2018
ဖြူးတွင် ပဲစိုက်ခင်များ ပိုးကျ၍ တောင်သူများအခက်ကြုံ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း အရင်လတွေက မိုးရွာသွန်းမှုတွေရှိခဲ့တာကြောင့် ပဲစိုက်ပျိုးချိန်နောက်ကြခဲ့ပြီး အခုတပတ်အတွင်းမှာလည်း မိုးငါးကြိမ်လောက် ရွာသွန်း ခဲ့တဲ့အတွက် စိုက်ပျိုးပြီး ပဲပင်တွေမှာ ရောဂါပိုးကျ ရောက်မှုရှိနေတာကြောင့် ပဲစိုက်တောင်သူတွေ အခက်ကြုံနေရတယ်လို့ တောင်သူအချို့က ပြောပါတယ်။

မိုးရွာသွန်းမှု များခဲ့တာကြောင့် ပဲစိုက်တောင်သူတွေအနေနဲ့ အရင် ပုံမှန် စိုက်ပျိုးနေတဲ့ အချိန်ထက်တလလောက် နောက်ကြ စိုက်ပျိုးခဲ့ကြရပြီး  အခုလမှာ မိုးရွာသွန်းခဲ့တာကြောင့် ပဲပင်တွေမှာ မှိုရောဂါနဲ့ ခူမွှေးရှည်တွေ ကျရောက်နေတယ်လို့ ဆိုပါတယ်။

“ရာသီဥတုက အုံ့တယ်။ အုံ့တယ်ဆိုတာနဲ့ ပဲက ပိုးကျတယ်။ ရောဂါဝင်တယ်။ အခု မှို ရောဂါတွေ ဝင်တယ်။ ပင်ဝါကျတယ်။ ခူမွှေးရှည်တွေ ကျတယ်။ ပိုးက စားလိုက် ဆေးဝယ်လိုက်နဲ့ တောင်သူတွေကတော့ လယ်နေတာပဲ။ ပိုးကျတဲ့ အကြောင်းရင်းက ရာသီဥတုကြောင့် ဖြစ်တာ။ ရာသီဥတုက ဒီနှစ်ပျက်တယ်။ စိုက်ပျိုးသလောက်လည်း အောင်မြင်မှု မရှိဘူး။ ပြန်ရမယ့်ဟာနဲ့ ကုန်ကျစရိတ်နဲ့ ဆေးဖိုးနဲ့ တွက်လိုက်ရင်လည်း ဒီနှစ်ကတော့ သရေပွဲလောက်ဖြစ်သွားမယ်။ ဒီနှစ်လယ်သမားတွေရဲ့ဘဝကတော့ မလွယ်ဘူး။ ဘဏ်ချေးငွေကိစ္စတွေဆိုရင်လည်း ဒီနှစ် အတိုးလောက်လေးပဲ ပြန်သွင်းခိုင်းရင်တော့ ဒီနှစ်တောင်သူတွေ အသက်ရှုချောင်မယ်။ တောင်သူရှုံးသွားပြီဆို ၂  နှစ်၊ ၃ နှစ် ဘယ်လိုမှ လိုက်မမီတော့ဘူး။ အခက်အခဲကတော့ အဲဒါတွေ ပဲပိုးကျလို့ ပိုးသတ်ဆေးသုံးတော့လည်း တောင်သူတွေက ဈေးဆိုင်ကပြောတဲ့အတိုင်း သုံးရတယ်။ ဒါပေမယ့် ပိုးကျရှိနေတာပဲ။ စိုက်ပျိုးရေးဌာနကို ဆက်သွယ်တော့လည်း အဆင်မပြေဘူး။ အဲဒီတော့ တောင်သူဘဝက အားကိုးရမယ့် စိုက်ပျိုးရေးကလည်း သိပ်အားကိုးလို့ မရဘူး" လို့ တောင်သူဦးသိန်းဇံက ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဖြူးမြို့နယ် စိုက်ပျိုးရေးဌာနအနေနဲ့ ပညာပေး ဆောင်ရွက်မှုတွေကို ပြုလုပ်နေပြီး တောင်သူ အများအခက်အခဲ ရှိပါက ဆက်သွယ်ရေး လွယ်ကူစေဖို့ စင်တာတွေကိုလည်း ထားရှိထားတယ်လို့ပြောပါတယ်။

"တောင်သူနဲ့ပူးပေါင်းတာကတော့ တောင်သူတွေ လိုအပ်တဲ့ အခက်အခဲကို ဖုန်းနဲ့ဖြစ်ဖြစ် လူကိုယ်တိုင် ဖြစ်ဖြစ် နောက်ပြီး ကျနော်တို့ ရှေ့တန်းစခန်းတွေ ရှိတယ်။ ညောင်ပင်သာ၊ ကညွတ်ကွင်း၊ ဇေယျဝတီနဲ့ အုတ်ဖြတ်မှာရှိတယ်။ သူတို့တွေကတော့ ကွင်းထဲတွေလည်း သွားတယ်။ ရုံးမှာလည်း ရှိတယ်။ သူတို့နဲ့ကတော့ အမြဲထိတွေ့ပါတယ်။ သူတို့ကို မေးလို့ မဖြေနိုင်ဘူးဆိုရင် ကျနော့်ဆီက ဒုဦးစီတွေ လွှတ်ပေးတယ်။ ဒုဦးစီးမဖြေနိုင်ရင် ကျနော်ဖြေမယ်။ ကျနော်မှ မရဘူးဆို ခရိုင်ရှိတယ်။ အဲ့လို အဆင့်ဆင့်တင်ပြပြီး လုပ်ပေးလို့ရပါတယ်။ တောင်သူအနေနဲ့လည်း နေပြည်တော်ကို တိုက်ရိုက်ဖုန်းခေါ်ပြီး မေးလို့ရတဲ့ ကောစင်တာ နံပတ်တွေလည်း ပေးထားတယ်။ ကျနော် ပဲပင်တွေကတော့ ပိုးကျနေပြီ။ ဘာပိုးကျတာလဲ ဘာဆေးတွေသုံးရမလဲ ဆိုတာ ဖုန်းဆက်ပြီး မေးလို့ရပါတယ်။ ကျနော်ကိုမေးလည်း ရပါတယ်။ ကျနော်တို့ကတော့ ကွင်းဆင်းပြီး ပိုးကြတာတို့ ရောဂါကျတာတို့ မျိုးမရှိတာတို့ကို ဆောင်ရွက်ပေးပါတယ်။ ကျနော်တို့ ဖြူးမြို့နယ်မှာ ၆၂ အုပ်စုရှိတယ်။ ကျနော်တို့ ဝန်ထမ်းက ၂၅ ယောက်လောက်ပဲရှိခဲ့အခါကြတော့ သုံးအုပ်စုကို တစ်ယောက်နှုန်း လောက် ကိုင်နေရတယ်။ အုပ်စုတစ်စုထဲမှာ ရွာက ဆယ်ရွာလောက်ရှိတယ်။ သုံးအုပ်စုဆိုတော့ ရွာသုံးဆယ်လောက် ကိုင်ထားရတဲ့အတွက် အမြဲတန်းတော့ မရောက်နှိုင်ဘူး”လို့ ဖြူးမြို့နယ် စိုက်ပျိုးဦးစီးဌာနရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ စိုက်ပျိုးဧတစ်သိန်းငါးသောင်းကျော်ရှိပြီး စိုက်ပျိုးဧကရဲ့ ၉၀ ရာခိုင်နှုန်းကို မတ်ပဲသာစိုက်ပျိုးကြပြီး အခြားသီးနှံကို ၁၀ ရာခိုင်နှုန်း စိုက်ပျိုးကြပါတယ်။ အခုတပတ်အတွင်း ဖြူးမြို့နယ်အတွင်းမှာ မိုးရွာသွန်းခဲ့ပြီး နောက်တပတ်အတွင် မိုးရွာသွန်းနိုင်ခြေမှာ ၈၀ ရာခိုင်နှုန်း ရှိတယ်လို့ ဖြူးမြို့နယ် မိုးဇလဌာနကနေသိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013