DVB Logo
Home
မြန်မာသတင်း
မသေခင် ကိုယ်တိုင်သရဏဂုံတင်ပြီး ထူးထူးခြားခြား အသုဘအခမ်းနား ပြုလုပ် (ရုပ်သံ)
DVB
·
January 7, 2018
မသေခင် ကိုယ်တိုင်သရဏဂုံတင်ပြီး ထူးထူးခြားခြား အသုဘအခမ်းနား ပြုလုပ် (ရုပ်သံ)
Donate to DVB

မုံရွာမြို့နဲ့ ၃ မိုင်ခန့်အကွာက အောင်သာကျေးရွာနေ အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဓိပတိ ဦးကျော်ဝင်းဆိုသူက သက်ရှိထင်ရှား ရှိစဉ် ကိုယ်တိုင်သရဏဂုံတင် အသုဘ အခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့က ထူးထူးခြားခြား စည်စည်ကားကားပြုလုပ်ခဲ့ပါတယ်။

အခုလို အသုဘအခမ်းအနားမပြုလုပ်ခင် လွန်ခဲ့တဲ့ ၄၅ ရက်အချိန်ကတည်းက သူနဲ့ပတ်သက်ပြီး ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့နယ်ပယ်မှာ သူ့ကြောင့် တစ်စုံတစ်ရာ နစ်နာမှုရှိခဲ့ရင် လာရောက်ဖြေရှင်းနိုင်တဲ့အကြောင်း အသိပေးကြေညာတာတွေကို ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်တာမရှိဘူးလို့ဆိုပါတယ်။

"အဓိကကတော့ သမိုင်းကောင်းကောင်းနဲ့သေချင်တယ်။ သေမှ ဒီလူက ဘယ်လိုလူပါကွာ ဆိုတာမျိုး အပြောမခံချင်ဘူး။ ဒါကြောင့်လည်း လာရောက်ဖြေရှင်းနိုင်အောင် ကြိုတင်ကြေညာ ခဲ့တယ်။ ဦးကျော်ဝင်းကြောင့် ဆိုတာမျိုးရှိခဲ့ရင် ဖြေရှင်းနိုင်အောင်လို့။ ဒီလိုလုပ်တာက ဥပုသ်စောင့်ရင် ညနေကြရင် သီလပြန်စစ်သလိုပဲ စစ်တဲ့သဘောပါ။ အမတ်ကြီးဦးပေါ်ဦးက မသေခင် အခေါင်းအပြင်ဘက် လက်ထုတ်ပြီး သေရင် ဘာမှမပါဘူးဆိုတာပြသွားတယ်။ ခုလည်း ဦးပေါ်ဦးထုံး နှလုံးမူပြီး ကိုယ်သေရင် ကိုယ့်နောက်ဘာမှမပါဘူးဆိုတာ သိအောင်ပေါ့။ ကိုယ်တင်မက တရားသဘော ယူတတ်ရင် သိစေချင်တာပါ" လို့ အဓိပတိ ဦးကျော်ဝင်းက ပြောပါတယ်။

လက်ရှိ ဦးကျော်ဝင်းမှာ သား ၃ ယောက်၊ သမီး ၅ ယောက်ရှိပြီး အားလုံး လုပ်ကိုင်စားသောက်ဖို့လည်း ခွဲဝေပေးပြီးပြီလို့ သိရပါတယ်။

"ဒီလိုလုပ်မယ်ဆိုတာကို သားသမီးတွေအားလုံးကို နားလည်အောင်ရှင်းပြရတယ်။ သူတို့ အတွက်လည်း မြေယာကိုင်းကျွန်းတွေ သင့်တော်သလို ခွဲဝေပေးထားပြီးပြီ။ လူဆိုတာ မွေးကတည်းက အားလုံးနေဖို့ မွေးလာတာမဟုတ်ပါဘူး။ သေဖို့မွေးလာကြတာပါ။ ရှင်ကွဲမကွဲရင် သေကွဲကတော့ ကွဲကြရမှာပါ။ အခုလိုလုပ်တာကလည်း လူအထင်ကြီးအောင်နာမည်ကြီးအောင် လုပ်တာလည်းမဟုတ်ဘူး။ ကိုယ်သေပြီးမှ အလောင်းပေါ်က အဝတ်ဟောင်းတွေကိုယူပြီး တရားနာရအောင်လိုက်ခဲ့ပါဆိုလည်း မလိုက်နိုင်ဘူး။ လိုက်တယ်လို့လည်း မကြားမိဘူး။ သာဓုခေါ်ပါဆိုလည်း သာဓုခေါ်တယ်လို့ မကြားမိဘူး။ ဒါကြောင့် မသေခင် ကိုယ်တိုင်သရဏဂုံ တင်တာ။ စီမံစရာ ဖြေရှင်းစရာတွေတော့ အားလုံးပြီးသွားပါပြီ။ နောက်ဆုံးမသေခင်လေးမှာ ရွာကကျောင်းမှာ နဂါးရုံဘုရားတည်ချင်သေးတယ်။ ရွာအနောက်က ရွှေသိမ်တော်ကျောင်းမှာ မာလိန်တိုင်စိုက်ချင်သေးတယ်။ ဒါပါပဲ။" လို့ အဓိပတိဦးကျော်ဝင်းက ပြောပါတယ်။

အခု အသုဘအခမ်းအနားမှာ မဏ္ဍပ်ထိုးပြီး လာသမျှလူကို ထမင်းကျွေး၊ တရားပွဲတွေ ကျင်းပ၊ သရဏဂုံတင်တာတွေအပြင် ဆိုင်းတွေငှား၊ ဧယင်ကျုးမင်းမသီးတွေငှားပြီး အုတ်ဂူ သွင်းတာတွေပါ ပြုလုပ်သွားမှာပါ။ အခုလိုဖြစ်စဉ်မျိုး ကြုံတွေ့ဖူးတာမရှိတဲ့အတွက် လာရောက်ကြည့်ရှုလေ့လာသူတွေနဲ့လည်း စည်ကားနေပါတယ်။

အဓိပတိဦးကျော်ဝင်းက ၂၀၁၇ ခုနှစ်ကလည်း သမီးအငယ်ဆုံးဘွဲ့ယူရာမှာ သူများနဲ့မတူဘဲ တောင်သူသားသမီးပီပီ လှည်းယာဉ်နဲ့ ဘွဲ့ယူပေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013