DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုအမြင် အရေးကြီးဟု ကေအန်ယူပြော
DVB
·
January 6, 2018
နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုအမြင် အရေးကြီးဟု ကေအန်ယူပြော
Donate to DVB

ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဘားအံမှာ ပြုလုပ်ခဲ့ပြီး လူထုရဲ့ အမြင်သဘောထားက အရေးကြီးကြောင်း ကေအန်ယူက ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲအတွက်​ လူထုနဲ့ ကရင်အမျိုးသား​တွေ တွေ့ဆုံဆွေးနွေးပြီး အမြင်သဘောထားတွေရရှိဖို့ အရေးကြီးတယ်​လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်းက ပြောပါတယ်။

“နိုင်ငံရဲ့ အခြေအနေအရ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်နိုင်ဖို့ အတွက် မျှော်လင့်သလို အဆင်ပြေချောမွေ့တာတော့ မရှိဘူးဆိုတာတော့ သတိထားမိမှာပါ။ ကျနော်တို့ဘက်မှာ ပြင်ဆင်မှုက ကျနော်တို့လူထုနဲ့ ကျနော်တို့ ကရင်အမျိုးသားနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်က သူတို့ရဲ့အမြင်သဘောထားတွေ ရရှိဖို့အတွက် အရေးကြီးတယ်။ အရေးကြီးတဲ့အတွက်ကြောင့်လည်း ကျနော်တို့ဘက်မှာ အဆင့်သင့်အနေအထားဖြစ်ဖို့အတွက် ပြင်ဆင်ရမှာပါ။ လုပ်စရာရှိတာ ဆက်ပြီးဆောင်ရွက်ရမှာ”လို့ ပြောပါတယ်။

UPC နဲ့ ဆွေးနွေးလာခဲ့တဲ့ အပေါ်မှာ ကရင်လူမျိုးတွေလိုချင်တဲ့ အချက် တော်တော်များများ ကျန်ရှိနေပြီး၊ ဆက်လက် ဆွေးနွေးရမှာတွေ ရှိနေသေးတယ်လို့ ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ၊ အဖွဲ့ခေါင်ဆောင် ဖဒို စောလှထွန်းက ပြောပါတယ်။

“အခြေခံရရှိရမယ့် ဆွေးနွေးရမယ့် အကြောင်းအရာ အချက်အလက်တွေကတော့ ဆက်ပြီး ဆွေးနွေးရမယ့်အချက်တွေ ကျန်ရှိနေတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါက ခုနက UPC နဲ့ ဆွေးနွေးလာခဲ့တဲ့ အပေါ်မှာရရှိလာခဲ့တဲ့ အခြေခံပြီးတော့ ပြန်ပြီးတော့ တိုင်းရင်းသားတွေအနေနဲ့ ကရင်လူမျိုးတွေ လိုချင်တဲ့ အချက်တွေကတော့ တော်တော်များများ ကျန်ရှိနေတယ်။ ဆက်ပြီး ဆွေးနွေးရမယ့်အချက်တွေ ကျန်ရှိနေတယ်” လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို ကရင်အမျိုးသားအတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားနိုင်ဖို့၊ ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ကရင်အမျိုးသားတွေ အဆိုပြုတင်ရမယ့် စာတမ်း တွေ ရရှိလာအောင်၊ ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ပြန်လည်စုဖွဲ့မှုတွေ ပြုလုပ်သွားနိုင်ဖို့ ရည်ရွယ်ကျင်းပ​နေတာပါ။

ပထမနေ့ ဆွေးနွေးပွဲမှာ ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ (KNDCC) ပြန်လည်စုဖွဲ့ခြင်းနဲ့ အတည်ပြုခြင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွေကို အသိပေး ရှင်းလင်းခြင်း၊ UPC 21th CPC ကျင်းပရေးနဲ့ဆိုင်တဲ့   ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး သဘောထားဆုံးဖြတ်ချက်၊ ကရင်အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲ(Consultation)တွေကို ကျင်းပပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲကို ကရင်၊ ကယား၊ မွန်ပြည်​နယ်​နဲ့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေဖြစ်​တဲ့ KNU၊ KNU/KNLA-PC ၊ DKBA၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်​ခဲ့ပါတယ်​။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)ကို ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီမှာ ကျင်းပခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013