DVB Logo
Home
မြန်မာသတင်း
မကွေးနှင့် မန္တလေးတိုင်းတွင် အချိန်​အခါမဟုတ်​ မိုးရွာသွန်းမှု​ကြောင့် စိုက်ခင်းများ ပျက်စီး
DVB
·
January 5, 2018
မကွေးနှင့် မန္တလေးတိုင်းတွင် အချိန်​အခါမဟုတ်​ မိုးရွာသွန်းမှု​ကြောင့် စိုက်ခင်းများ ပျက်စီး
1 / 2
Donate to DVB

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်​၊ ​ပေါက်​မြို့နယ်​မှာ အချိန်​အခါမဟုတ်​ မိုးရွာသွန်းမှု​ကြောင့် ​ယော​ချောင်းအတွင်းက ကြက်​သွန်​စိုက်​ခင်း ဧက ​ထောင်​ချီ ပျက်​စီးခဲ့ရပါတယ်​။

မိုးရွာသွန်းပြီး ​ချောင်း​ရေကျလာကာ ကြက်​သွန်​ခင်း​တွေ တိုက်​စားနစ်​မြုပ် ပျက်​စီးခဲ့တာပါ။ ခုလို ပျက်​စီးခဲ့တာ​ကြောင့်​ တောင်​သူ​တွေအ​နေနဲ့ ​နောက်​တ​ခါ ပြန်​စိုက်​ဖို့ ကြက်သွန်​မျိုး ပြန်​ရှာဖို့ ခက်​ခဲ​နေတဲ့အပြင်​ စတင်​စိုက်​ပျိုးချိန်​က အရင်းအနှီးမှာ ရှာထားရတဲ့​ ကြွေးဆပ်​ဖို့လည်း ခက်​ခဲ​နေတယ်​လို့ ဆိုပါတယ်​။

သက်​ဆိုင်​ရာဌာန​တွေအ​နေနဲ့ အပျက်​အစီးစာရင်း ​ကောက်​ယူ​နေဆဲဖြစ်ပြီး တိကျတဲ့ စာရင်းရလာချိန်​မှာ တိုင်း​ဒေသကြီးအစိုးရကို တင်​ပြသွားမယ်​လို့ ​ပေါက်​မြို့နယ်​က တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​တ​ဦးက ​ပြောပါတယ်​။ ​ပေါက်​မြို့နယ်​ထဲက ​ယော​ချောင်းက​နေ နှစ်​စဉ် ​ကြက်​သွန်​ ပိဿာချိန်​ ၁၅၀ ​လောက် ​ထွက်ရှိ​​နေတာပါ။

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​မှာလည်း ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၃၁ ရက်​​မှ ဇန်နဝါရီ ၃ ရက်​​အထိ အချိန်​အခါမဟုတ်​ မိုးရွာသွန်းမှု​ကြောင့် စိုက်​ပျိုးထားတဲ့ ကြံပင်​​တွေ လဲကျ ပျက်​စီးဆုံးရှုံးမှု​တွေ အများကြီး ရှိခဲ့တယ်​လို့ ကြံစိုက်​တောင်သူတွေရဲ့ ​ပြောပြချက်​အရ သိရပါတယ်​။

ကြံစိုက်​ပျိုးတဲ့ သစ်ပင်ရှည်ရွာမှ ​​​မစိုးမိုးက “မိုးရွာလိုက်​တာ ကြံခင်း​တွေမကဘူး၊ တခြားသီးနှံ​တွေပါ အများကြီး ပျက်​စီးကုန်​တယ်​။ အခု ကြံပင်​​တွေက လဲကုန်​​တော့ ပြန်​မတ်​​ပေးရဖို့ ဝါး​တွေနဲ့ပြန်​ပြီး အပင်​ကို ပြန်​ထူရတယ်​။ ဆုံးရှုံးမှုက​တော့ ၁၅ သိန်းဖိုး​လောက်​ ဆုံးရှုံးသွားတယ်​။ လူငှားရတဲ့ စရိတ်​​တွေကလည်း များ​တော့ ပိုပြီးအခက်​​တွေ့တယ်”လို့ ​ပြောပါတယ်​။

မြင်းခြံမြို့နယ်​မှာ ကြံ​တွေ အများအပြား စိုက်​ပျိုး​နေကြပြီး တန်​ခူးလမှ ကြံစတင်​စိုက်​ပျိုးကာ တပို့တွဲလပြည့်ကျော်​မှာ ကြံပင်​​တွေ ​ရောင်းချရတာဖြစ်​ပြီး ကြံ ၅ ပင်​နဲ့ ၁၂ ပင်​ကြား တမြုံကို ​ငွေကျပ်​ ၁၀၀၀ မှ ၁၂၀၀ ကျပ်​အထိ ​ရောင်းချရတယ်​လို့ သိရပါတယ်​။

ခုတော့ အချိန်အခါမဟုတ် မိုးကြောင့် စိုက်ခင်းအ​တော်​များများ ပျက်​စီးကုန်​တယ်​လို့ စိုက်​ပျိုးထားတာ​တွေ ဘာသီးနှံမှ မရကြ​တော့ဘူးလို့ သစ်​ပင်​ရှည်​​ကျေးရွာနေ ဦး​ကျော်​​ဌေးက ​ပြောပါတယ်​။

မြင်းခြံမြို့နယ်​မှာ အချိန်​အခါမဟုတ်​ မိုးရွာသွန်းခဲ့မှု​ကြောင့် ဒေသထွက်​ကုန်​ဖြစ်​တဲ့ ပဲစင်းငုံ၊ ကုလားပဲ၊ ကြက်​သွန်​နီ၊ ​ဆေးရွက်​ကြီး စတဲ့ တခြားသီးနှံ​တွေ အများအပြား ပျက်​စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ​ဒေသခံ ​တောင်​သူ​တွေ ​ပြောကြားချက်​အရ သိရပါတယ်​။

သတင်း၊ ဓာတ်ပုံ - မြင့်နိုင်၊ ရီရီထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013