DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ တအာင်းဥပဒေပြုအဖွဲ့ဝင် မိုင်းမျိုးအောင်ကို ညှဉ်းပန်းနှိပ်စက်မှုမလုပ်ရန် တောင်းဆို
DVB
·
January 4, 2018
ဖမ်းဆီးခံ တအာင်းဥပဒေပြုအဖွဲ့ဝင် မိုင်းမျိုးအောင်ကို ညှဉ်းပန်းနှိပ်စက်မှုမလုပ်ရန် တောင်းဆို
Donate to DVB

ရှမ်းပြည်နယ် မူဆယ်မြို့မှာ ပြီးခဲ့တဲ့လက ပြည်သူ့စစ်အဖွဲ့ဝင်နဲ့ လူတစု ပြဿနာဖြစ်ပြီး ပြည်သူ့စစ်တဦး သေဆုံး၊ တဦး ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ မူဆယ်ရဲတပ်ဖွဲ့က မိုင်းမျိုးအောင် ဆိုသူ တအာင်းလူငယ်တဦးကို ဒီဇင်ဘာ ၂၁ ရက်နေ့က မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမယ့် တအာင်းကျောင်းသားလူငယ်အဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်မဟာမိတ်အဖွဲ့ကတော့ မိုင်းမျိုးအောင်ဟာ အခင်းဖြစ်တဲ့နေရာမှာလည်း ရှိမနေသလို သူ လူသတ်တယ်ဆိုတာ မယုံကြည်ကြောင်း၊ ရဲတပ်ဖွဲ့က အထောက်အထား မခိုင်လုံဘဲနဲ့ သူ့ကို ဖမ်းဆီးကာ ပုဒ်မတပ် အမှုဖွင့်ထားသလို တရားခံလို ခြိမ်းခြောက်ရိုက်နှက်ပြီး အတင်းဝန်ခံခိုင်းတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဇနီးနဲ့ ဥပဒေပြုအဖွဲ့ကလွဲလို့ တခြားဘယ်သူနဲ့မှ တွေ့ခွင့်မပြုကြောင်း၊ တိုင်ချက်တွေကိုလည်း ကြည့်ရှုခွင့်မပေးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ (NEYA) က မိုင်းမျိုးအောင်နဲ့ပတ်သက်တဲ့ တောင်းဆိုချက် ၃ ချက်ကို ဇန်နဝါရီ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

NEYA ကော်မတီဝင် ဆလိုင်းမွန်ဘွေက “ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ သူ့ကို ပုဒ်မ-၃၀၂၊ ၃၀၇ နဲ့ စွဲထားတယ်ပေါ့နော်။ ပြီးတော့ သူ့ကို ညှဉ်းပန်းနှိပ်စက်တယ်၊ အဲဒါကြောင့် ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ သူ့ကို လူ့အခွင့်အရေးသိက္ခာနဲ့အညီ ဆက်ဆံဖို့၊ ညှဉ်းပန်းနှိပ်စက်တာ မလုပ်ဖို့၊ နိုင်ငံသားအခွင့်အရေးအရ ဥပဒေ အကာအကွယ်ရအောင် ဆောင်ရွက်ပေးဖို့၊ အထောက်အထား မရှိဘဲ ပုဒ်မတပ်တာကို ဖယ်ရှား ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။”လို့ဒီဗွီဘီကိုပြောပါတယ်။

တောင်းဆိုချက်ကို သက်ဆိုင်ရာက မလိုက်လျောဘူးဆိုရင် နိုင်ငံတော်အစိုးရ အုပ်ချုပ်ရေးဌာန၊ တရားရေးဌာနနဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ ဆက်လက်တိုင်ကြား သွားမယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်မြို့နယ်ရဲစခန်းကတော့ မိုင်းမျိုးအောင်ကို အထောက်အထားရှိလို့ ဖမ်းထားတာဖြစ်ကြောင်း၊ ညှဉ်းပန်းနှိပ်စက်တာ မရှိသလို ဆွေမျိုးတွေနဲ့လည်း တွေ့ခွင့်ရှိတယ်လို့ တာဝန်ကျဒု-ရဲအုပ် စောမြင့်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ရဲတပ်ဖွဲ့က အထောက်အထားတွေ အကုန်လုံးနဲ့ ဖမ်းထားတာ ဖြစ်ပါတယ်။ ဒီခေတ်ကြီးက အထောက်အထားနဲ့မှ လူတယောက်ကို ဖမ်းလို့ရမှာလေ။ အသေးစိတ်က တရားစွဲတင်ရင် သိမှာပေါ့နော်။ သူက အခင်းဖြစ်တဲ့ကားနဲ့ ပါလာတာ၊ အဲဒီလမ်းပေါ်မှာပဲ ဖမ်းတာ၊ ဖမ်းပြီးတော့ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်။ နှိပ်စက်တယ်ဆိုတာက ဒီခေတ်ကြီးမှာ အဲဒီလို နှိပ်စက်လို့ မရပါဘူးခင်ဗျ။ ခုလောလောဆယ် တရားစွဲတင်ဖို့ အမှုတွဲ တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ဆွေမျိုးတွေနဲ့ ပေးမတွေ့ဘူးဆိုတာ မမှန်ပါဘူး။ ဒီမနက်ကိုပဲ သူ့အမျိုးတွေ လာတွေ့ပြီးပြီ၊ ရှေ့နေ ပါပါတယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က မူဆယ်မြို့ ကောင်းမူးတုန်ရပ်ကွက် အပေါင်ဆိုင်ရှေ့ရှိ ခိုက်ရန်ဖြစ်ပွားမှုမှာ သေနတ်ဒဏ်ရာနဲ့ ပြည်သူ့စစ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကာ ပါဝင်ပတ်သက်သူ ၃ ဦးအနက် မိုင်းမျိုးအောင် တဦးတည်းသာ ဖမ်းဆီးရသေးတယ်လို့ မူဆယ်ရဲစခန်းက ပြောပါတယ်။

အဖမ်းခံထားရသူ မိုင်းမျိုးအောင်ဟာ မန္တလေးတက္ကသိုလ်မှ ဥပဒေဘွဲ့ရပြီး လိုင်စင်ရ ရှေ့နေတဦး ဖြစ်သလို တအာင်းဥပဒေပြုအထောက်အကူအဖွဲ့ကလည်း ဖြစ်ကြောင်း၊ တဖက်ကလည်း မြန်မာ့ငြိမ်းချမ်းရေးအတွက် အခြားတိုင်းရင်းသားလူမျိုး အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ တအာင်းအဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ- Man Lwe Tar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013