DVB Logo
Home
မြန်မာသတင်း
သက်ရှိထင်ရှားရှိနေသည့် လွတ်လပ်ရေး မော်ကွန်းဝင်များအား ပထမဆုံးအကြိမ် ဂုဏ်ပြု
DVB
·
January 4, 2018
သက်ရှိထင်ရှားရှိနေသည့် လွတ်လပ်ရေး မော်ကွန်းဝင်များအား ပထမဆုံးအကြိမ် ဂုဏ်ပြု
1 / 7
Donate to DVB

စစ်ကိုင်းတိုင်းအတွင်းက သက်ရှိထင်ရှား ရှိနေသေးတဲ့ လွတ်လပ်ရေး မော်ကွန်းဝင် ၇ ဦးကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ပထမဆုံးအကြိမ်အဖြစ် ဂုဏ်ပြုပွဲ ဒီကနေ့ မနက်က မုံရွာမြို့မှာ ကျင်းပခဲ့ပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးဆုရတဲ့ ကျောင်းသား ကျောင်းသူတွေ ဆုချီးမြှင့်ပွဲနဲ့ ပူးတွဲပြီး  မုံရွာမြို့ မြို့တော်ခန်းမမှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တာပါ။

တနိုင်ငံလုံးမှာ လွတ်လပ်ရေးမော်ကွန်းဝင် ၃၀ ဦးခန့်သာ သက်ရှိထင်ရှား ရှိတော့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာတော့ လွတ်လပ်ရေး မော်ကွန်းဝင် သက်ရှိထင်ရှား ရှိနေသေးသူ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ၃ ဦး၊ တတိယအဆင့် ၄ ဦး၊ စုစုပေါင်း ၇ ဦးရှိပြီး ဂုဏ်ပြုပွဲ တက်ရောက်နိုင်တာကတော့ ၄ ဦးသာ ရှိပါတယ်။

ဒီနေ့ပြုလုပ်တဲ့ တိုင်းအတွင်းက သက်ရှိထင်ရှား လွတ်လပ်ရေး မော်ကွန်းဝင်တွေကို ဂုဏ်ပြုပွဲမှာ တိုင်းအစိုးရအဖွဲ့က ပထမအဆင့်ရှိသူကို ၅ သိန်းကျပ်၊ ဒုတိယအဆင့်ရှိသူကို ၄ သိန်းကျပ်နဲ့ တတိယအဆင့်ရှိသူတွေကို ၃ သိန်းကျပ်စီ အသီးသီးချီးမြှင့်ခဲ့တာဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်အနေနဲ့လည်း တဦးလျှင် ၁ သိန်းကျပ်စီ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။

အခုလို ဂုဏ်ပြုပွဲတွေကို လုပ်ရတာက တချိန်တခါက မြန်မာတမျိုးသားလုံးအတွက် သူ့ကျွန်ဘဝကနေ လွတ်မြောက်ရေးအတွက် တတ်နိုင်တဲ့နေရာကနေ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့သူတွေကို ပြန်လည်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေး မော်ကွန်းဝင် သက်ရှိထင်ရှားပုဂ္ဂိုလ်တွေကို ဂုဏ်ပြုနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ တန့်ဆည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့တာပါ။

“ဒီလိုလုပ်ပေးတဲ့အတွက် မော်ကွန်းဝင်တွေကိုယ်တိုင်ကလည်း ဝမ်းသာတာပေါ့။ ဂုဏ်ပြုထိုက်တဲ့သူ နိုင်ငံ့ရဲ့ လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်တွေကို မေ့ပျောက်ထားတာမျိုး မဖြစ်စေချင်တဲ့အတွက် အဆိုတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ ကျောင်းသူကျောင်းသားတွေလည်း တက်ရောက်လာတဲ့အခါကျတော့ သူတို့အနေနဲ့ လွတ်လပ်ရေးမော်ကွန်းဝင်ဆိုတာ ဘာလဲဆိုတာ သိသွားတဲ့အတွက်လည်း မျိုးဆက်သစ်လူငယ်တွေရဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်တဲ့ စိတ်ဓာတ်တွေ ပေါက်ဖွားလာစေတယ်”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက သက်ရှိထင်ရှား လွတ်လပ်ရေး မော်ကွန်းဝင် ၇ ဦးစလုံးက အသက် ၉၀ ကျော်နေပြီလည်း ဖြစ်ပါတယ်။ လက်ရှိ ၇ ဦးမှာ ဗိုလ်ကြီးအဆင့် ၁ ဦး၊ ဗိုလ်အဆင့် ၁ ဦးနဲ့ တပ်သားအဆင့် ၅ ဦးတို့ဖြစ်ပြီး မုံရွာမြို့မှာ နေထိုင်နေသူ ၂ ဦး၊ ကောလင်းမြို့က ၁ ဦး၊ တန့်ဆည်မြို့က ၁ ဦးနှင့် ရွှေဘိုမြို့က ၃ ဦးတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက်နေ့တုန်းကလည်း ကာကွယ်ရေးဦးစီးချုပ်က တနိုင်ငံလုံးမှာ ရှိတဲ့ သက်ရှိထင်ရှား လွတ်လပ်ရေးမော်ကွန်းဝင်တွေကို ဖိတ်ကြားပြီး ဂုဏ်ပြုခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဂုဏ်ပြုပွဲကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ဆရာ၊ ဆရာမ ကျောင်းသား ကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013