အထည်ချုပ်စက်ရုံ အလုပ်ရှင် ကတိပျက်ကွက်မှုကို မကျေနပ်၍ အလုပ်သမားများ တိုင်ကြား
DVB
·
January 4, 2018

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့က အထည်ချုပ်စက်ရုံတခုမှာ ပန်းထိုးကြေး ဖြတ်တောက်နှုန်းထားကို မကျေနပ်လို့ အလုပ်သမားတွေက အလုပ်ရှင်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဆီမှာ တိုင်ကြားလိုက်ပါတယ်။
ပြည်ကားလမ်းဘေး ကျွဲခြံရွာအနီးက တရုတ်လူမျိုးပိုင် တင်ဟော့ ရဲ့ ဇာထိုးပန်းထိုးစက်ရုံမှာ ၂၀၁၇ ခုနှစ်တွင်း ပန်းထိုးကြေး ၁ သောင်းခွဲ ဖြတ်တောက်မှုကြောင့် အလုပ်ရှင်အလုပ်သမား ပြဿနာတက်ခဲ့ကြလို့ ဌာနဆိုင်ရာက ညှိနှိုင်းဖြေရှင်းခဲ့ပြီးနောက် ပြေလည်မှုရပေမယ့် အလုပ်ရှင်က စာချုပ်အတိုင်း မလိုက်နာလို့ ထပ်မံညှိနှိုင်းဖြေရှင်းပေးဖို့ တိုင်ကြားတာဖြစ်ပါတယ်။
တိုင်ကြားရာမှာ ပါဝင်တဲ့ မနွယ်နွယ်အေးက “မြို့နယ်ကညှိနှိုင်းပေးတယ်။ နှစ်ဖက်ကတိစာချူပ် ချုပ်ဆိုခဲ့ရတယ်။ တရားဝင်ဇာထိုးပန်းထိုးကြေး ၇၅၀၀ ကျပ်သာ ဖြတ်တောက်မယ်လို့ ကြေညာထားပြီး လစာထုတ်ချိန်ကျတော့ တစ်သောင်းဖြတ်တယ်။ ဒါဟာ အလုပ်ရှင်ဘက်က စာချူပ်ဖောက်ဖျက်တာပါ” လို့ ပြောပါတယ်။
ဒီတိုင်ကြားမှုနဲ့ပတ်သက်လို့ စနေနေ့ကျရင် သာယာဝတီခရိုင် အလုပ်သမားရုံးမှာ ညှိနှိုင်းကြမယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။ ဒီကိစ္စ တင်ဟော့ဇာထိုးပန်းထိုး စက်ရုံတာဝန်ခံကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မေသွယ်