အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အဆိုပြုချက်တွေက ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ပေမဲ့ ယူကရိန်းနဲ့ အပေးအယူတွေလုပ်ဖို့ လိုအပ်တယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။
ယူကရိန်းက အပေးအယူလုပ်မဲ့ပုံ မမြင်ရဘူးလို့လည်း ပူတင်က ပြောထားပြီး ရုရှားက စစ်ပွဲ အနိုင်ရဖို့ အသင့်ပြင်နေတယ်လို့လည်း ဆိုပါတယ်။
ရုရှားနိုင်ငံရဲ့ နှစ်ပတ်လည် စီးပွားရေးဖိုရမ်မှာ မီဒီယာတွေနဲ့တွေ့ချိန် ပူတင်က သူ့ရဲ့သဘောထားတွေကို ပြောခဲ့တာပါ။
ရုရှား-ယူကရိန်းစစ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှုအများဆုံးစစ်ပွဲ ဖြစ်ကာ စစ်ပွဲကာလ ၅ နှစ်အတွင်းကို ရောက်လာပါပြီ။
လိုအပ်မယ်ဆိုရင် ယူကရိန်းကို စစ်ရှုံးအောင်လုပ်ပြီး စစ်ပွဲကို အဆုံးသတ်မယ်လို့လည်း ပူတင်က ကြိမ်းဝါးခဲ့ဖူးပါတယ်။
ဒါပေမဲ့ သံတမန်နည်းနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့လည်း အဆင်သင့်ပဲလို့ ပြောထားပြီး အလာစကာမှာ ပြီးခဲ့တဲ့နှစ်က ထရမ့်ပ်နဲ့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲကို ပူတင်က ရည်ညွှန်းပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ ယူကရိန်းက ဘယ်လိုအပေးအယူတွေကို သဘောတူရမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း ပြောတာမျိုး မရှိပါဘူး။
ပူတင်ဟာ စစ်ပွဲအဆုံးသတ်ဖို့ ပုံစံတော့ မပြသေးဘဲ ဒွန်ဘတ်စ်ဒေသအရှေ့ပိုင်း လက်ကျန်နယ်မြေတွေမှာ ယူကရိန်းလက်နက်ချမှပဲ အဆုံးသတ်ဖွယ်ရှိနေပါတယ်။ လက်နက်ချဖို့ တောင်းဆိုမှုမျိုးကိုတော့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပယ်ချထားပါတယ်။
ဒါ့အပြင် ပူတင်က ဥရောပနိုင်ငံတွေဟာ စစ်တပ်အဖွဲ့အစည်းကြီးတခု ဖြစ်လာမှာကို ဆန့်ကျင်တယ် လို့လည်း ပြောခဲ့ပါသေးတယ်။
အီးယူဟာ ငြိမ်းချမ်းရေးစာချုပ်အတွက် အပေးအယူကိစ္စကို ယူကရိန်း တိုက်တွန်းရမှာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပူတင်က ပြောခဲ့ပါသေးတယ်။
ဒါပေမဲ့ ယူကရိန်းဟာ အပေးအယူကိစ္စနဲ့ပတ်သက်ပြီး အသင့်မဖြစ်သေးဘူးလို့ ထင်တဲ့အကြောင်းလည်း ပူတင်က ပြောပါတယ်။
Source: Reuters










