DVB Logo
Home
မြန်မာသတင်း
မြန်မာကမ်းခြေသို့သွားခဲ့သည့် ဓာတ်ပုံများအား တွစ်တာပေါ်တင်ပြီးနောက် ပြန်ဖျက်ခဲ့ရသည့် ကနေဒါသံအမတ်
DVB
·
January 3, 2018
မြန်မာကမ်းခြေသို့သွားခဲ့သည့် ဓာတ်ပုံများအား တွစ်တာပေါ်တင်ပြီးနောက် ပြန်ဖျက်ခဲ့ရသည့် ကနေဒါသံအမတ်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ပီတာမက်အာသာဟာ နှစ်သစ်ကူးနေ့မှာ မြန်မာပင်လယ်ကမ်းခြေဆီ အလည်အပတ်သွားခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာ တွစ်တာပေါ် တင်ပြီးနောက် ပြန်ဖျက်ပစ်လိုက်ပါတယ်။

သံအမတ်ကြီး ပီတာမက်အာသာက ဇန်နဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီ မတိုင်ခင် မြန်မာနိုင်ငံ ကမ်းခြေမှာ ရိုက်ထားတဲ့ သူ့ရဲ့ပုံတွေကိုတင်ပြီး ကမ်းခြေကို ချီးကျူးရေးသားထားတာပါ။

“ငါးတွေ၊ သဘာဝအလှတွေ၊ စိမ်းပြာရောင် နွေးထွေးသန့်ရှင်းကြည်လင်တဲ့ ရေပြင်နဲ့ ပြီးပြည့်စုံပြီး ရေလှိုင်းစီးလို့ရတဲ့ မြန်မာ့ကမ်းခြေပေါ်မှာ ၂၀၁၈ ခုနှစ်ရဲ့ ပထမဦးဆုံးနေ့ကို ဖွင့်လှစ်ခဲ့တယ်” လို့ မက်အာသာက ကမ်းခြေပုံ ၃ ပုံနဲ့အတူ တွစ်တာပေါ်မှာ စာရေးတင်ခဲ့တာပါ။

မက်အာသာဟာ မြန်မာနိုင်ငံမှာ တာဝန်ကျနေတဲ့ သူ့ရဲ့ဇနီးဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ကရင် (Karen) ဆီ အလည်အပတ်သွားရင်း ကမ်းခြေဆီ ခရီးဆက်ခဲ့တာပါ။

သံအမတ်ကြီးရဲ့ပို့စ်ကို ကနေဒါ သတင်းထောက်တယောက်က Screenshot လုပ်ပြီး  သူ့ရဲ့ကိုယ်ပိုင် တွစ်တာစာမျက်နှာမှာ ဖြန့်ဝေခဲ့တဲ့အတွက် ဝေဖန်မှုတွေ ကြုံရပြီးနောက် ခုလို သံအမတ်ကြီးက ဓာတ်ပုံတွေကို ပြန်ဖျက်သွားခဲ့ရတာပါ။

သံအမတ်ကြီး တွစ်တာမှာ တင်ခဲ့တဲ့ပုံတွေဟာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာမွတ်ဆလင်တွေ နိုင်ငံကနေ ထွက်ပြေးနေရတဲ့ပုံတွေနဲ့ လူမျိုးတုန်းရှင်းလင်းမှုတွေ လုပ်နေတယ်ဆိုပြီး မြန်မာအစိုးရ စွပ်စွဲခံခဲ့ရတာတွေနဲ့ လုံးလုံးလျားလျား ကွာခြားနေတယ်လို့ ဆိုပါတယ်။

ကနေဒါအစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စအတွက် ပြောရေးဆိုခွင့်ရှိသူ မစ္စဘရိုင်ရန်မက်စ်ဝဲလ်က “ကနေဒါအစိုးရက မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် အလေးအနက်ထားပြီး စိုးရိမ်တယ်” လို့ စီဘီစီသတင်းဌာနကို ပြောခဲ့ပါတယ်။

“သံအမတ်ကြီး မက်အာသာ တွစ်တာပေါ်မှာတင်ခဲ့တဲ့ ပုံတွေကို ပြန်ဖျက်ဖို့ အကြံပေးခဲ့တယ်” လို့ မစ္စဘရိုင်ရန်မက်စ်ဝဲလ်က ပြောကြောင်း စီဘီစီသတင်းမှာ ဇန်နဝါရီ ၂ ရက်နေ့က ဖော်ပြထားပါတယ်။

ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး လွှတ်တော်အမတ်အဟောင်းနဲ့ အွန်တေရီယိုခရိုင် ထိပ်တန်းခေါင်းဆောင် ဘော့ရေးကို အထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013