DVB Logo
Home
မြန်မာသတင်း
အာမခံလုပ်ငန်း​ ပုဂ္ဂလိကလုပ်ပိုင်ခွင့်​ စ​ပေး​မည်
DVB
·
April 27, 2012
Donate to DVB

နှစ်​ပေါင်း​ ၄၀ ကြာ အစိုး​ရကပဲ လုပ်​ဆောင်လာတဲ့​ အာမခံလုပ်ငန်း​ကို ပထမဆုံး​ ပုဂ္ဂလိက လုပ်​ဆောင်ခွင့်​ပေး​တော့​မှာ ဖြစ်ပါတယ်။

အာမခံကုမ္ပဏီ​တွေကို ပုဂ္ဂလိကပိုင် အများ​ပိုင်ကုမ္ပဏီ​တွေအဖြစ် တည်​ထောင်ခွင့်​ပြုမယ်။ အဲ့​ဒီလို တည်​ထောင်ခွင့်​ပြုဖို့​ အာမခံလုပ်ငန်း​ ကြီး​ကြပ်​ရေး​အဖွဲ့​ကို ဖွဲ့​စည်း​တာဝန်​ပေး​ထား​တယ်လို့​ ဧပြီလ ၂၇ ရက်​နေ့​ထုတ် မြန်မာ့​အလင်း​သတင်း​စာမှာ ​ဖော်ပြပါရှိပါတယ်။

အာမခံလုပ်ငန်း​ ပိုကျယ်ပြန့်​လာပြီး​ ပိုထွန်း​ကား​လာဖို့​ အခုလို ပုဂ္ဂလိက​ပေး​ဖို့​ လုပ်တာပါလို့​ အာမခံလုပ်ငန်း​ ကြီး​ကြပ်​ရေး​အဖွဲ့​ အတွင်း​ရေး​မှူး​ ​ဒေါက်တာ​မောင်​မောင်သိမ်း​က ​ပြောပါတယ်။

“အာမခံလုပ်ငန်း​က အရမ်း​ကျယ်ပါတယ်။ အခုက တ​ယောက်တည်း​ လုပ်တာထက် အများ​နဲ့​ လုပ်တာဆိုရင် အများ​လုပ်တာက ​ကောင်း​ပါတယ်။ တ​ယောက်တည်း​ လုပ်​နေရတာဆို​တော့​ စီး​ပွား​ရေး​တိုး​တက်တာနဲ့​အမျှ ဘဏ္ဍာ​ရေး​ဆိုင်ရာ တာဝန်​တွေကို ကိုယ်တို့​ တ​ယောက်တည်း​ပဲ ခံ​နေရတယ်။ ခံ​နေရတာကို ပုဂ္ဂလိက ကုမ္ပဏီ​တွေကို မျှ​ပေး​လိုက်ရင် အာမခံလုပ်ငန်း​ ပိုထွန်း​ကား​လာမယ်၊​ အလုပ်အကိုင် ရရှိ​ရေး​တွေလည်း​ ပိုပြီး​ကောင်း​သွား​မယ်။ ပုဂ္ဂလိကအ​နေနဲ့​ ​ဈေး​ကွက်​တွေ ပွင့်​သွား​တာ​ပေါ့​။ လုပ်နိုင်တဲ့​ အလား​အလာ​တွေ တိုး​သွား​တာ​ပေါ့​။”

ပုဂ္ဂလိကအာမခံလုပ်ငန်း​ လုပ်​ဆောင်လိုသူ​တွေဟာ ​မေလ၂ ရက်ကစပြီး​ ​လျှောက်လွှာ တင်သွင်း​ရမှာ ဖြစ်ပါတယ်။ ​လျှောက်ထား​သူ​တွေအနက် လုပ်ကိုင်လိုသူ​တွေရဲ့​ ပိုင်ဆိုင်မှု၊​ အရည်အချင်း​ စတဲ့​ သတ်မှတ်ချက် အများ​အပြား​နဲ့​ ညီညွတ်မှ စိစစ်ခွင့်​ပြုသွား​မှာ ဖြစ်ပါတယ်။

ပုဂ္ဂလိက အာမခံကုမ္ပဏီ​တွေ အပြိုင်အဆိုင် ​ပေါ်ထွက်လာရင် အာမခံထား​တဲ့​ ပြည်သူ​တွေ စိတ်ကြိုက် ​ရွေး​ချယ်ပြီး​ အာမခံ ထား​နိုင်လာကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား​အများ​စုဟာ အာမခံလုပ်ငန်း​နဲ့​ ပတ်သက်ပြီး​ စိမ်း​နေကြတာမို့​ လွယ်လွယ်ကူကူ ဝင်ထွက် သွား​လာ ​ဆောင်ရွက်နိုင်မယ့်​ အာမခံကုမ္ပဏီ ရုံး​ခန်း​တွေ ​ပေါ်ထွက်လာရင် အာမခံလုပ်ငန်း​လည်း​ ဖွံ့​ဖြိုး​လာမှာ ဖြစ်ပါတယ်။

အာမခံထား​တဲ့​ သ​ဘောသဘာဝကို ​ဒေါက်တာ​မောင်​မောင်သိမ်း​က “အာမခံဆိုတဲ့​သ​ဘောက ကိုယ်ကံ​ကောင်း​လို့​ ဘာမှမဖြစ်ဘူး​ဆိုရင် ကိုယ်​ပေး​လိုက်တဲ့​ အာမခံသွင်း​ငွေက ကိုယ့်​ထက်ကံနည်း​တဲ့​သူ​တွေကို ​လျော်​ကြေး​ပေး​တဲ့​နေရာမှာ ပါသွား​တယ်။ ကိုယ်ကံ​ကောင်း​လို့​ ဘာမှမဖြစ်ဘူး​ဆိုရင် အလှူလုပ်တဲ့​သ​ဘောပဲ။ သို့​သော်လည်း​ ကိုယ်ကံဆိုး​လို့​ ဖြစ်တယ်ဆိုရင်​တော့​ ကိုယ်​ပေး​ထား​တဲ့​ အာမခံ​ကြေး​က၊​ အကြမ်း​အား​ဖြင့်​ တကျပ်​ပေး​တယ်ဆိုရင် အာမခံကုမ္ပဏီက အဆသုံး​ရာ​လောက် ပြန်ရတာ။

“ကိုယ်က အာမခံ ၁ ကျပ်ဖိုး​လောက် ထား​တာ ကိုယ်က ကံဆိုး​သွား​လို့​ ကိုယ့်​အိမ်မီး​လောင်သွား​မယ်၊​ ကိုယ့်​ကား​ ဘာဖြစ်သွား​မယ်ဆိုရင် အဆသုံး​ရာ​လောက် ပြန်ရမယ်။ တချို့​ အာမခံဆိုရင် အဆ ၁ ​သောင်း​ ​လျော်တာရှိတယ်။ တကယ်​တော့​ အဲ့​လိုမ​ပြောရဘူး​။ ​လောင်း​ကစား​ဆန်သွား​တယ်။ သို့​သော်လည်း​ လူနား​လည်​အောင် အဲဒီလို ​ပြောလို့​ရတယ်။ အဲဒါဆိုရင် အာမခံထား​ခြင်း​နဲ့​ မထား​ခြင်း​က အရမ်း​ကွာသွား​တယ်။”

အစိုး​ရတခုတည်း​ အာမခံလုပ်ငန်း​ ​ဆောင်ရွက်ခဲ့​တုန်း​က အများ​ပြည်သူ​တွေဟာ ရုံး​ပြင်ကနား​ မသွား​ချင်ကြတာ​ကြောင့်​ အာမခံလုပ်ငန်း​နဲ့​ ပတ်သက်မှု မရှိသ​လောက် ဖြစ်ခဲ့​ပါတယ်။

လတ်တ​လော ကမ္ဘာ​ပေါ်မှာ အာမခံလုပ်ငန်း​ကုမ္ပဏီ တခုတည်း​ရှိတဲ့​ နိုင်ငံ ၃ နိုင်ငံပဲ ရှိပါတယ်။ မြန်မာ၊​ ​မြောက်ကိုရီး​ယား​နဲ့​ ကျုး​ဘား​တို့​ဖြစ်ပြီး​ မြန်မာက​တော့​ ပုဂ္ဂလိက​ပေး​ဖို့​ စတင်​ခြေလှမ်း​လိုက်ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013