DVB Logo
Home
မြန်မာသတင်း
ရှမ်းနှင့် ကချင်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀ ကျော် ထပ်တိုးလာ
DVB
·
January 3, 2018
ရှမ်းနှင့် ကချင်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀ ကျော် ထပ်တိုးလာ
Donate to DVB

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်အသစ် ၁၀၀၀ ကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်မဲမြို့နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနရဲ့ ဇန်နဝါရီ ၁ ရက်အထိ စာရင်းအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ရှိ အာပြောင်းကျေးရွာနဲ့ နမ့်ဆမ်မြို့နယ်ရှိ ကျောက်ဖြူလေးကျေးရွာတို့မှ လူဦးရေ ၉ဝဝ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ မိသားစုတွေဟာ လတ်တလော ကျောက်မဲမြို့နယ်အတွင်း နေရာ ၄ နေရာမှာ ခိုလှုံနေကြပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက ကူညီစောင့်ရှောက်ပေးနေကြပါတယ်။

အလားတူ ကချင်ပြည်နယ် မန်စီမြို့နယ်မှာလည်း  ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့လို့ မန်ဝိန်းကြီးကျေးရွာအုပ်စုရှိ ကျေးရွာတွေက ဒုက္ခသည် လူဦးရေ ၁ဝဝ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် နှစ်လတာ လုပ်ငန်းတွေ ရပ်တန့်သွားခဲ့ရပြီးနောက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ နိုဝင်ဘာ ၆ ရက်ကစပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စားနပ်ရိက္ခာဖြန့်ဝေခြင်း လုပ်ငန်းတွေကို ပြန်လည်စတင်ခဲ့ရာမှာ ဦးရေ ၅၄,၄ဝဝ အတွက် စားနပ်ရိက္ခာ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကချင်၊ ကရင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစု အပါအဝင် နေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေနဲ့ ကယ်ဆယ်ရေးစခန်းလို နေရာတွေမှာ ခိုလှုံနေရတဲ့ နေစရာမဲ့ ဒုက္ခသည်ပေါင်း ၂၄၁၀၀၀ လောက် ရှိနေတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဒုက္ခသည်တွေထဲမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးလာကြတဲ့ ကချင်ပြည်နယ်က လူဦးရေ ၉၂၀၀၀၊ ရှမ်းပြည်နယ်က ၁၅၀၀၀၊ ကရင်ပြည်နယ်က ၅၆၀၀ ပါဝင်သလို ရခိုင်ပြည်နယ်က ၂၀၁၂ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ လူဦးရေ ၁၂၉၀၀၀ တို့ ပါဝင်ပါတယ်။  

၂၀၁၈ ခုနှစ်အတွင်းမှာ အဆိုပါဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ၊ ဖွံ့ဖြိုးရေးအ ကူအညီ၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်း အကူအညီ စတဲ့ အကူအညီတွေပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Thar Zaw Lso

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013