
ဂျပန်အစိုးရက အရှိန်မြှင့်လာတဲ့ စစ်ရေးတည်ဆောက်မှုကို နိုင်ငံကိုကာကွယ်ဖို့ နည်းလမ်းတခုအဖြစ်သာမက ပိုမိုကြွယ်ဝချမ်းသာမှုဆီသို့ ဦးတည်တဲ့ လမ်းကြောင်းတခုအဖြစ် သရုပ်ဖော်နေပါတယ်။
နောက်ဆုံးထုတ် ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းထဲမှာ လက်နက်ထုတ်လုပ်မှုဟာ စီးပွားရေး တိုးတက်မှုကို ပံ့ပိုးပေးနိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။
အိမ်နီးချင်း တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြောင့် ဖြစ်လာတဲ့ ခြိမ်းခြောက်မှုတွေအပေါ် နှစ်စဉ်အကဲဖြတ်ချက်ထဲမှာ ဖော်ပြထားတာပါ။
ဂျပန်ဟာ စစ်ပြီးကာလ စစ်ရေးလှုပ်ရှားမှုတွေအပေါ် ဆယ်စုနှစ်များစွာ ကန့်သတ်ခံထားရတာပါ။ နည်းပညာကို အသုံးချဖို့၊ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ရန်ပုံငွေထောက်ပံ့ဖို့နဲ့ လက်နက် ထုတ်လုပ်ရာမှာ စီးပွားဖြစ် အစိတ်အပိုင်းတွေကို ပိုသုံးဖို့ စက္ကူဖြူစာတမ်းက ဂျပန်ကို တောင်းဆိုထားပါတယ်။
ကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံမှုဟာ ပိုကျယ်ပြန့်တဲ့ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ ဘဝတွေကို အကျိုးပြုတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တင်ပြချက်စာရွက်စာတမ်းဖြစ်တဲ့ စက္ကူဖြူ စာတမ်းထဲမှာ အလေးပေး ဖော်ပြပါတယ်။
ဒီသတင်းစကားဟာ ဝန်ကြီးချုပ် စာနာအဲ တာကာအိချိရဲ့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရေး ကြိုးပမ်းချက်ထဲမှာ မဟာဗျူဟာကျတဲ့ နိုင်ငံတော်အသုံးစရိတ်ကို ပို ကျယ်ကျယ်ပြန့်ပြန့် သုံးခြင်းနဲ့ ကိုက်ညီနေပါတယ်။
စက္ကူဖြူစာတမ်းရဲ့ မျက်နှာဖုံးပုံက အရင်စာတမ်းတွေတုန်းက ပုံတွေထက် ပိုတောက်ပနေပြီး စစ်ရေးအမှတ်တံဆိပ်တွေ မဟုတ်ဘဲ မြို့ပြမှာ ပြုံးရွှင်နေတဲ့ မိသားစုတစုကို အလေးပေး ဖော်ပြထားပါတယ်။
ဒီဇိုင်းဟာ အနာဂတ်ပုံရိပ်ကို ဖော်ပြဖို့ ရည်ရွယ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတယောက်က ပြောပါတယ်။
ဝန်ကြီးချုပ် တာကာအိချိ အစိုးရက အမျိုးသားလုံခြုံရေး မဟာဗျူဟာအသစ်တခုကို ပြင်ဆင်နေချိန်မှာ ကာကွယ်ရေးနဲ့ အနာဂတ်ကြွယ်ဝချမ်းသာမှုကြား ဆက်စပ်မှု ပေါ်ပေါက်လာတာပါ။
ဂျပန်ကို ကာလရှည်စစ်ပွဲထဲ ဆွဲခေါ်သွားနိုင်တဲ့ ထိုင်ဝမ်ပဋိပက္ခ စတင်ခြင်းကနေ တရုတ်ကို တားဆီးဖို့ အဓိကရည်ရွယ်ပြီး နောက်ထပ်အသုံးစရိတ်တွေ တိုးမြှင့်ဖို့ တောင်းဆိုလိမ့်မယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက မျှော်လင့်ပါတယ်။
တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ တခြားလုပ်ဆောင်ချက်တွေက ဂျပန်နဲ့ နိုင်ငံတကာ အသိုက်အဝန်း အတွက် အလွန်စိုးရိမ်စရာ ကိစ္စတခုဖြစ်ပြီး ဂျပန်ရဲ့ အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှုကို ကိုယ်စားပြုတယ်လို့လည်း စက္ကူဖြူစာတမ်းမှာ ဖော်ပြပါတယ်။
Source: Reuters










