DVB Logo
Home
Lead Story
၂၀၁၇ ရဲ့ အဆိုးထဲက အကောင်းရှာသော်
DVB
·
January 1, 2018
၂၀၁၇ ရဲ့ အဆိုးထဲက အကောင်းရှာသော်
Donate to DVB

နိုင်ငံတကာရေးရာ ဆောင်းပါးတွေပဲ ရေးနေတဲ့ ကျနော့်ကို ဒီတခါ ၂၀၁၇ နှစ်အကုန် ၂၀၁၈ နှစ်အစမှာ စိတ်ချမ်းသာပျော်ရွှင်စရာလေး ရေးပေးစေချင်တယ်လို့ တောင်းဆိုလာတဲ့အတွက် မြန်မာနိုင်ငံမှာ မတွေ့နိုင်ပေမယ့် နိုင်ငံတကာမှာတော့ ရှိလောက်ပါရဲ့ဆိုပြီး ရှာကြည့်ပြီး ရေးပေးမယ်လို့ အကြောင်းပြန်ထားမိတော့ ရေးလို့ရမယ့် စာဖတ်ပရိသတ် စိတ်ချမ်းသာ ပျော်ရွှင်ရမယ့်အကြောင်းအရာတွေ လိုက်ရှာကြည့်ပါတယ်။

၂၀၁၇ အတွင်း နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ အတော်ဆိုးဆိုးဝါးဝါး အဖြစ်တွေ ဖြစ်နေခဲ့တာ တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ် ကူးပြောင်းကာစ ဇန်ဝါရီ ၁ ရက်နေ့ (တနင်္ဂနွေနေ့) မနက် ၁ နာရီ ၁၅ မိနစ် လောက်မှာ တူရကီနိုင်ငံ အင်စတန်ဘူလ်မြို့က ည ကလပ်တခုမှာ နှစ်သစ်ကူးအကြို ပျော်ပွဲဆင်နွှဲဖို့ စုဝေးရောက်ရှိလာကြတဲ့ သူတွေကို အကြမ်းဖက်သမားတဦးက ၀င်ရောက်ပစ်ခတ် တိုက်ခိုက်မှုတခု ဖြစ်ပွားသွားခဲ့လို့ တူရကီ နိုင်ငံတ၀ှမ်း နဲ့ တခြားနိုင်ငံအတော်များများက ပြည်သူလူထုတွေ ထိတ်လန့်တကြား ဖြစ်သွား

ခဲ့ပါတယ်။ လူပေါင်း ၃၉ ယောက် သေဆုံး၊ ၇၀ နီးပါး ဒဏ်ရာရသွားတဲ့အဖြစ်နဲ့ ၂၀၁၇ ခုနှစ်ကို ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။ အစကောင်းမဟုတ်တာတော့ သေချာပါတယ်။ ဒီအကြောင်းကို ကျနော် “၂၀၁၇ ခုနှစ်မှာ အကြမ်းဖက်ဝါဒ ပိုပြီးခေါင်းထောင်ထလာလေမလား” ဆိုပြီး ဒီဗွီဘီအပတ်စဉ် ဆောင်းပါးအဖြစ် ရေးပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှု လုပ်ကြံသတ်ဖြတ်မှု၊ စာသင်ကျောင်းထဲ ၀င်ရောက်သေနတ်နဲ့ ပစ်ခတ်မှု၊ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ပိတ်ဝိုင်းခံခဲ့ရတဲ့မြို့က ပြည်သူလူထုတွေ အငတ်ငတ်အပြတ်ပြတ် ရောဂါဘယတွေနဲ့ သေဆုံးကြ၊ အတိဒုက္ခရောက်ကြရတဲ့အဖြစ်၊ ဖိလစ်ပိုင်သမ္မတရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ တရားလက်လွတ်ပစ်ခတ်သတ်ဖြတ်မှု တွေကြောင့် ကလေးသူငယ်တွေ အပါအ၀င် အပြစ်မဲ့ပြည်သူတွေ ထောင်ဂဏန်းအတော်များများ သေဆုံးခဲ့ကြရတဲ့ အဖြစ်နဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ အမေရိကန်ပြည်ထာင်စု နီဗားဒါးပြည်နယ် လတ်စ်ဗီးဂတ်စ်မှာ ဖြစ်ပျက်ခဲ့တဲ့ ရုထ် ၉၁ ဟားဗက်စ် တေးဂီတ ပွဲတော်လာပရိသတ်တွေကို သေနတ်သမားတဦးတည်းက တလကြမ်းပစ်ခတ်သတ်ဖြတ်ခဲ့လို့ လူပေါင်း ၅၉ ယောက် သေဆုံး ၄၈၉ ယောက် ဒဏ်ရာရခဲ့တဲ့ အဖြစ်ဆိုးတွေစဉ်ဆက် ဖြစ်လာခဲ့သလို မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီယာစမ်းသပ်မှုတွေနဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို ဂျပန်ကျွန်းပေါ်က ကျော်ပြီး အကြိမ်ကြိမ်စမ်းသပ်ပစ်ခတ်မှုတွေကြောင့် တတိယကမ္ဘာစစ် ဖြစ်တော့မလားလို့ ကမ္ဘာတ၀ှမ်း စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့အဖြစ်နဲ့ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုကိစ္စအတွက် တင်းမာမှုတွေနောက် မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အသေအပျောက်များလှတဲ့ စစ်ပွဲတွေအပြင် ကမ္ဘာကျော်သွားခဲ့တဲ့ ရခိုင်ပြည်နယ် ရိုဟင်ဂျာ အရေးကိစ္စ၊ တောမီး၊ မုန်တိုင်း၊ မြေငလျင် စတဲ့သဘာဝ ဘေးအန္တရာယ်တွေ အမျိုးမျိုးကြုံတွေ့ခဲ့ရတဲ့ နှစ်တနှစ်လို့ပဲ ပြောရမှာပါပဲ။

စိတ်ချမ်းသာ ပျော်ရွှင်စရာ ဖြစ်ရပ်မျိုးကို ရှာဖွေကြည့်တော့ မတွေ့ရသလောက်ဖြစ်နေတော့ လူသားတွေရဲ့ အနာဂတ်အတွက် ဘာတွေများ အောင်မြင်ရယူမှုအသစ်တွေ ဖန်တီးနိုင်ခဲ့သလဲ၊ အဆိုးတွေ ပပျောက်ရအောင် ဘာတွေများ လုပ်ဆောင်နိုင်ခဲ့ကြသလဲဆိုတာ ဆက်ရှာကြည့်တော့မှ….

Forbes မဂ္ဂဇင်းရဲ့ ဆောင်းပါးရှင် ဂျွန်မောလ်ဒင်းက သူရှာဖွေတွေ့ရှိထားတဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ လူသားတွေအတွက် စိတ်ချမ်းသာစရာ အဖြစ်ကလေးတွေကို တင်ပြထားတာကို သွားတွေ့လိုက်ပါတယ်။ အဲဒါတွေကို စာဖတ်ပရိသတ်အတွက် ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။

၂၀၁၇ နှစ်အတွင်းမှာ ကာလ၀မ်းရောဂါလို့ခေါ်တဲ့ လူအသေအပျောက် အများဆုံးဖြစ်နေတဲ့ ရောဂါကြီးအတွက် ဈေးလည်းသက်သာပြီး ထိရောက်တဲ့ ကာကွယ်ဆေးသစ်တခုကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံလို အပူပိုင်းနိုင်ငံတွေ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အဖြစ်အများဆုံးရောဂါဖြစ်သလို အသေအပျောက်လည်း အများဆုံးဖြစ်တဲ့ ရောဂါဆိုးဖြစ်တဲ့အတွက် လူတွေအတွက် ၀မ်းသာစရာသတင်းကောင်းလို့ ပြောရပါမယ်။

နောက်တခုကတော့ ကမ္ဘာတ၀ှမ်းက အိပ်ခ်ျအိုင်ဗွီရောဂါခံစားနေရသူ အားလုံးရဲ့ ထက်ဝက်ဟာ ဆေးဝါးကုသမှုကို ခံယူနိုင်ခဲ့ပြီး အိတ်စ် ရောဂါကြောင့် သေဆုံးရသူ ဦးရေဟာ ၂၀၀၅ ခုနှစ်ကစလို့ ၂၀၁၇ ခုနှစ်အထိ ထက်ဝက်ကျော် ကျဆင်းသွားခဲ့ပြီ လို့ UNAIDS အဖွဲ့ ဇူလိုင်လမှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါဟာလည်း ကမ္ဘာတ၀ှမ်း ချောက်ချား တုန်လှုပ်ခဲ့ရတဲ့ လူသတ်ရောဂါကြီးတခုကို အောင်နိုင်လာပြီဖြစ်တယ်လို့ ပြောလိုက်တာဖြစ်တဲ့အတွက် လူသားတွေအတွက် ၀မ်းသာစရာသတင်းကောင်းတခုဖြစ်ပါတယ်။

တခါကမ္ဘာပေါ်မှာ အထူးသဖြင့် အပူပိုင်းနိုင်ငံတွေမှာ လူသားတွေကို တတိတိ ကာလရှည်ကြာ ဒုက္ခပေးလာခဲ့တဲ့ အနာကြီးရောဂါဆိုးဟာ ခုချိန်မှာ အလွယ်တကူကုသလို့ ရသွားပါပြီ။ ကမ္ဘာတ၀ှမ်းရောဂါဖြစ်ပွားမှုဟာ ၁၉၈၅ ခုနှစ်ကစလို့ ၉၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ရောဂါတိုက်ဖျက်ရေးအတွက် စီမံချက်အသစ်က ၂၀၂၀ ခုနှစ်မှာ ရောဂါဖြစ်ပွားမှု လုံးဝအမြစ်ပြတ်ရေး စတင်ချမှတ်မှာဖြစ်ပါတယ်။ ကပ်ရောဂါဆိုးကြီးတခုကို ကမ္ဘာမြေပြင်ပေါ်ကနေ လုံးဝ ပပျောက်သွားအောင် လုပ်နိုင်တော့မယ်ဆိုတဲ့ လူသားအားလုံးအတွက် အလွန်ဝမ်းသာစရာသတင်းကောင်းပါပဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပဲ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မြန်မာနိုင်ငံမှာ အသေအပျေက် များလှတဲ့ တီဘီလို့ လူသိများတဲ့ အဆုတ်ရောဂါကြောင့် ကမ္ဘာတ၀ှမ်းသေဆုံးမှုဟာ ၂၀၀၀ ခုနှစ်ကတည်းက ခုချိန်ထိ ၃၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး လူပေါင်း ၅၃ သန်းရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့တဲ့အကြောင်း ကြေညာခဲ့တဲ့အတွက် တကယ်ပဲဝမ်းသာစရာကောင်းတဲ့ သတင်းလို့ ပြောရမှာပါပဲ။

ဝမ်းသာစရာ နောက်တခုက အမေရိကန်ပြည်ထောင်စုမှာတော့ ၁၉၉၁ ခုနှစ်ကစလို့ ခုချိန်ထိ ကင်ဆာရောဂါကြောင့် သေဆုံးရသူဦးရေဟာ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီ ဖြစ်တဲ့အတွက် လူ့အသက်ပေါင်း ၂ သန်းကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေကို အများဆုံးဒုက္ခပေးနေတဲ့ ရင်သားကင်ဆာရောဂါကြောင့် သေဆုံးရသူဦးရေဟာလည်း ၃၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အမျိုးသမီး ၃၂၂၆၀၀ ရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကင်ဆာအဖြစ်များတဲ့ နိုင်ငံတနိုင်ငံထဲမှာ ပါဝင်နေခဲ့ပြီး နိုင်ငံရဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ လွဲမှားတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ယန္တရားရဲ့ အကျိုးဆက်ကြောင့် ကဏ္ဍပေါင်းစုံမှာ ပျက်စီးနိမ့်ကျခဲ့တဲ့ အထဲမှာ ကျန်းမာရေးကဏ္ဍလည်းရှေ့ဆုံးတန်းက ပါနေခဲ့တာကြောင့် ခုထိတော့ ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုတွေက များပြားနေဆဲဖြစ်ပါတယ်။ စာရင်းအင်းအရ အတိအကျ မှတ်တမ်းတင်နိုင်တာ မရှိတဲ့ သေဆုံးမှုတွေလည်း အများကြီးရှိနေခဲ့တဲ့အတွက် ဒီတခုကတော့ မြန်မာပြည်သူလူထုအတွက် ၀မ်းသာစရာ ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။

လူသားတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါကြီးတွေရဲ့ အန္တရာယ်ကို ၂၀၁၇ အတွင်း လျော့နည်းသွားအောင် ထိန်းချုပ်နိုင်လာတာတွေ တချို့ရောဂါတွေကို အမြစ်ပြတ် ပပျောက်အောင် လုပ်နိုင်စွမ်းရှိလာတာတွေဟာ ၂၀၁၇ အတွက် ၀မ်းသာစရာ စိတ်ချမ်းသာစရာ သတင်းတွေပဲဖြစ်ပါတယ်။

ခုတခါ လူသားတွေနေထိုင်ရာ ကမ္ဘာကြီးကို အန္တရာယ်ကင်းကင်း နေချင်စဖွယ်ဖြစ်အောင် ၂၀၁၇ ခုနှစ်အတွင်း လုပ်ဆောင်နိုင်ခဲ့တာတွေဘက်ကို ကြည့်ကြမယ်ဆိုရင်တော့ ပါကစ္စတန်နိုင်ငံ ပြည်နယ်တခုမှာ ၂၀၀၅ ခုနှစ်က ချောက်ချားစရာ ရေလွှမ်းမိုးမှုကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ ၂ နှစ်အတွင်း သစ်ပင်ပေါင်း သန်းတထောင် ကို စိုက်ပျိုးပြီးစီးခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ကောင်းမွန်ဝမ်းသာစရာ ဆောင်ရွက်မှု ဖြစ်ပါတယ်။

အဲဒီလိုပဲကင်မရွန်နိုင်ငံက ကွန်ဂိုချိုင့်ဝှမ်းဒေသထဲက သစ်တောဟက်တာ ၁၂ သန်းကျော်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့သလို ဘရာဇီးနိုင်ငံကလည်း သမိုင်းမှာ အကြီးဆုံး အပူပိုင်းသစ်တော ပြန်လည်ထိန်းသိမ်းရေးဖြစ်တဲ့ သစ်ပင်ပေါင်း ၇၃ သန်း စိုက်ပျိုးရေးစီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါဟာ လူသားတွေနေထိုင်နေတဲ့ ကမ္ဘာမြေကြီးရဲ့ ကျန်းမာသန်စွမ်းရေးအတွက် အများကြီး အားရ၀မ်းသာစရာ သတင်းစကားတခုလို့ ပြောရမှာပဲဖြစ်ပါတယ်။

နောက် ၀မ်းသာစရာ စိတ်ချမ်းသာစရာ သတင်းစကားတခုကတော့ ၂၀၁၇ ခုနှစ်မှာ အိုဇုန်းလွှာ အပေါက်ကြီးဟာ ၁၉၈၈ ခုနှစ်ကစလို့ ကျုံ့ဝင်လာတာဟာ ခုဆို သူ့ရဲ့ အသေးငယ်ဆုံးအရွယ်အစားကို ရောက်လာခဲ့ပြီလို့ ပညာရှင်တွေက ဆိုပါတယ်။ ကမ္ဘာ့အိုဇုန်းလွှာ ပေါက်ပြဲမှုကြောင့်ဖြစ်လာတဲ့ ရာသီဥတုဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ ကနေ သက်သာကောင်းမွန်လာတော့မယ်ဆိုတဲ့ သဘောဖြစ်တဲ့အတွက် ကမ္ဘာတ၀ှမ်းက လူသားအားလုံးအတွက် ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဘက် တောက်ပတဲ့ဘက်ခြမ်း ဖြစ်တဲ့အကြောင်း တွေ့ရှိခဲ့ရပါတယ်။

ခုလို ၂၀၁၇ ခုနှစ်အတွင်း ဆေးသိပ္ပံ ကဏ္ဍနဲ့ သဘာဝပတ်ဝန်းကျင် ကဏ္ဍတွေက ၀မ်းသာ ပျော်ရွှင်စရာအဖြစ်အပျက်ကလေးတွေနဲ့ ဆောင်းပါးအစမှာ တင်ပြခဲ့ပြီးဖြစ်တဲ့ ၀မ်းနည်းစိတ်မကောင်းဖြစ်စရာအဖြစ်တွေကို နှိုင်းယှဉ်ပြီး ၂၀၁၇ ကို စာဖတ်သူတွေ အကောင်းအဆိုးကို ချိန်ထိုးဆုံးဖြတ်ကြဖို့ပဲ ဖြစ်ပါတယ်။    ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013