DVB Logo
Home
မြန်မာသတင်း
အင်ပင်ကျေးရွာ စည်ပင်ပိုင်ဈေးအမှိုက်ပုံကြောင့် ဒေသခံများ မီးဘေးအန္တရာယ် စိုးရိမ်နေ
DVB
·
December 31, 2017
အင်ပင်ကျေးရွာ စည်ပင်ပိုင်ဈေးအမှိုက်ပုံကြောင့် ဒေသခံများ မီးဘေးအန္တရာယ် စိုးရိမ်နေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ထဲက အင်ပင်ကျေးရွာရှိ မြို့နယ်စည်ပင်ပိုင်ဈေးက စွန့်ပစ်တဲ့ အမှိုက်ပုံက အမှိုက်တွေကြောင့် ဒေသခံတွေက မီးဘေးအန္တရာယ်စိုးရိမ်နေပြီး အမှိုက်တွေရှင်းလင်းပေးဖို့ လိုလားနေကြပါတယ်။

မြို့၊ရပ်ကွက်၊ ကျေးရွာသန့်ရှင်းသာယာရေး အထောက်ကူပြုအဖွဲ့ဝင် ဦးစိုးလေးက “အင်ပင်ဈေးနဲ့ ကျေးရွာအတွက် ကျနော်တို့ဒေသက သန့်ရှင်းသာယာရေး အထောက်အကူပြုအဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့ထားတယ်။ အဲဒီမှာ ကျနော်ကအဖွဲ့ဝင်ပေါ့။ ခုအင်ပင်ဈေးထဲက စွန့်ပစ်အမှိုက်တွေအတွက် ကျနော်တို့ ကော်မတီ ၉ ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပါတီတွေနဲ့အစည်းအဝေး လုပ်ပြီးခုအမှိုက်ပုံကို ရှင်းလင်းဖို့ စနစ်တကျ နေရာသတ်မှတ်ပေးဖို့ အစည်းအဝေးလုပ်တယ်။ အဲအစည်းအဝေးဆုံးဖြတ်ချက်နဲ့ မြို့နယ်စည်ပင်တို့ လွှတ်တော်ကိုယ်စလှယ်တို့ကို ၁၀ လပိုင်းတချိန်၊ ခုဒီဇင်ဘာလ လဆန်း ၈ ရက်နေ့ကတချိန် စာတင်တယ်။ ဒါပေမယ့် ခုမြင်တဲ့အတိုင်းပဲ အမှိုက်တွေပြန့်ကျဲနေတယ်။ နှစ်တိုင်းတော့ အမှိုက်တွေများလာရင် မီးရှို့တာတွေလုပ်တယ်။ အဲဒီတော့ဒေသခံတွေက မီးဘေးစိုးရိမ်နေကြတာပေါ့။ ကျနော်တို့ကလည်း အဲအမှိုက်ပုံကိစ္စ ပြဿနာတက်တိုင်း လူကိုယ်တိုင်တမျိုး ဖုန်းဆက်ပြောတာတမျိုး အမျိုးမျိုးအကြောင်းကြားနေတာ။ မြို့နယ်က တစုံတရာ မတုံ့ပြန်ဘူးဗျာ”လို့ ပြောပါတယ်။

မြန်အောင်မြို့နယ်မှာ စည်ပင်ပိုင်းဈေး ၅ ခုကျော်ရှိပြီး စနစ်တကျ အမှိုက်စွန့်ပစ်တဲ့ စနစ်ရှိနေတာဆိုလို့ မြန်အောင်မြို့ပေါ်ဈေးတခုပဲ ပြုလုပ်နိုင်သေးပြီး ခုလိုပွင့်လင်းရာသီ ရောက်တဲ့အချိန်မှာ နှစ်စဉ်ဈေးတွေမှာ မီးဘေးအတွက် ပြဿနာဖြစ်နေရတာကတော့ အဓိကအမှိုက်စွန့်ပစ်တာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မြန်အောင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးက “ကျနော်တို့ အခုအင်ပင်ဈေးကို ဦးစီးမှူးတယောက်ရယ် ဒုဦးစီးတယောက်ရယ် ဦးဆောင်ပြီး အမှိုက်ပုံကိုယာယီဖြေရှင်းဖို့ ကွင်းဆင်းစစ်ဆေးခိုင်ထားပါတယ်။ မနှစ်ကတည်းက ခုလိုမီးဘေးဖြစ်လာနိုင်တာတွေရယ်၊ စနစ်တကျမြေနေရာသတ်မှတ်ဖို့ မြေနေရာတွေ ကြည့်ထားပါတယ်။ ခုလိုစနစ်တကျ အမှိုက်စွန့်ပစ်နိုင်ဖို့ ဈေးတွေတိုင်းအတွက် မြေနေရာတွေ ကျဉ်းတူးပြီး အမှိုက်စွန့်ဖို့အတွက် ကုန်ကျစာရိတ်တွေကို တိုင်းဒေသကြီးအစိုးရကို တင်ပြထားပါတယ်။ ခုကိစ္စကလည်း ငွေမရှိတော့ မလုပ်ဘူးလေ။ ကျနော်တို့လည်း မနှစ်ကတည်းက ကွင်းဆင်းစစ်ဆေးထားပါတယ်။ လောလောဆည်တော့ ခုပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။

မြန်မာ့မီးရထား အင်ပင်ဘူတာကလည်း အခုအမှိုက်တွေ မပြန့်ကျဲဖို့ သူတို့ဌာနကို ခြံစည်းရိုးကာဖို့ စာတင်ပြထားတာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013