DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ကန့်ကွက်သွားမည်ဟု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ပြော
DVB
·
December 30, 2017
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ကန့်ကွက်သွားမည်ဟု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ပြော
Donate to DVB

မနေ့က သတ်မှတ်လိုက်တဲ့ အနိမ့်ဆုံးလုပ်ခ လစာကို မကြာခင် တရားဝင် ကန့်ကွက်သွားမယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ စတုတ္တအကြိမ် ညှိနှိုင်း အစည်းအဝေးကနေ အနည်းဆုံး လုပ်ခလစာကို ၄၈၀၀ ကျပ်လို့ သတ်မှတ်လိုက်တာပါ။

မြန်မာနိုင်ငံ စက်မှုလက်မှု ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “၄၈၀၀ ဆိုတာက အလုပ်သမားတွေရဲ့ တနေ့တာ ကုန်ကျစရိတ် မလောက်ပါဘူး။ ဒါကြောင့် ကန့်ကွက်နေတာပါ။ ပြီးတော့ အခုသတ်မှတ်လိုက်တဲ့ အလုပ်သမား ၁၀ ဦးနဲ့ အထက်လုပ်ငန်းတွေ အကျုံးဝင်တယ်ဆိုတာက နည်းဥပဒေမှာ သတ်မှတ်ထားတဲ့ ၅ ဦးနဲ့အထက်ဆိုတာနဲ့ မကိုက်ညီပါဘူး” လို့ ပြောပါတယ်။

သူတို့အနေနဲ့ တောင်းဆိုခဲ့တဲ့ တရက်လုပ်ခ ၅၆၀၀ ကျပ်အပေါ်မှာပဲ ဆက်ပြီး ရပ်တည်မယ်လို့လည်း ဆက်ပြောပါတယ်။

လုပ်ငန်းရှင်တွေဘက်ကတော့ ၄ ထောင်ကျပ်ပဲ ပေးနိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပြီး ကော်မတီကနေ ၄၈၀၀ ကျပ် သတ်မှတ်ခဲ့တာပါ။

ကိုသက်နှင်းအောင်က “ကျနော်တို့ ဒီတပတ်အတွင်း ပြည်နယ်နဲ့ တိုင်းတွေက အလုပ်သမား အဖွဲ့တွေကို အစည်းအဝေးခေါ်ပါမယ်။ ပြီးတော့ တရားဝင် ကန့်ကွက်သွားမှာပါ။ လုပ်ငန်းရှင်တွေ ပြောပြောနေတဲ့ ရှုံးနေတယ်၊ မပေးနိုင်ဘူးဆိုတာက ဘယ်စစ်တမ်းအရ ပြောတာလဲဆိုတာ မေးချင်ပါတယ်။ အစိုးရအနေနဲ့လည်း စီးပွားရေး လုပ်ငန်းရှင်တွေ ပြောတာကို နားမထောင်ဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အခုလို သတ်မှတ်လိုက်တာဟာ ပြည်နယ်၊ တိုင်းအလိုက် မခွဲခြားပဲ တပြေးညီ သတ်မှတ်လိုက်တာ ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမားတွေအနေနဲ့ မကျေနပ်ဘူးဆိုရင် ရက်ပေါင်း ၆၀ အတွင်း ပြန်တင်ပြဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးက ပြောပါတယ်။

တင်ပြတာ မရှိဘူးဆိုရင်တော့ အစိုးရကို တင်ပြပြီး အတည်ပြုသွားမယ်လို့လည်း ဆိုပါတယ်။

ကုန်သည် စက်မှု အသင်းချုပ်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းထဲက လုပ်ငန်း ၅၀၀ ကျော်မှာ ၃၀၀ ကျော်က တနေ့လုပ်ခ ၄၀၀၀ အထိပဲ ပေးဖို့ အဆိုပြုထားပါတယ်။

ဒီ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ချက်မှာ နိုင်ငံ့ဝန်ထမ်းတွေ မပါဝင်ပါဘူး။ ဒါကြောင့် လက်ရှိမှာ နိုင်ငံ့ဝန်ထမ်းတယောက်ရဲ့ အနိမ့်ဆုံး လစာက ၁၂၀၀၀၀ ကျပ်ဖြစ်ပြီး ပုဂ္ဂလိက ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံး လစာက အခု သတ်မှတ်ချက်အရ ၁၄၄၀၀၀ ကျပ်ဖြစ်လာမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013