DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး မလိုသည့် အဖွဲ့အစည်းနှင့်လူများကို ပြည်သူများ စည်းရုံးကြရန် အတိုင်ပင်ခံပြော
DVB
·
December 30, 2017
ငြိမ်းချမ်းရေး မလိုသည့် အဖွဲ့အစည်းနှင့်လူများကို ပြည်သူများ စည်းရုံးကြရန် အတိုင်ပင်ခံပြော
Donate to DVB

ငြိမ်းချမ်းရေးမလိုလားတဲ့ အဖွဲ့အစည်းတွေ၊ လူတွေကို ပြည်သူတွေကပဲ စည်းရုံးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြုလုပ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒေသခံလူငယ်တွေရဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ပြောခဲ့တာပါ။

ဒီစကားဝိုင်းကို တီဗွီနဲ့ အွန်လိုင်းမှာ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပြီး အွန်လိုင်းက မေးမြန်းလာတဲ့ “ပြည်တွင်းစစ် တာရှည်နေတာဟာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကို မလိုလားတဲ့သူတွေ ရှိနေတယ် ဆိုတာ ထင်ရှားပါတယ်။ ဒီလို ငြိမ်းချမ်းရေးကို မလိုလားတဲ့ အဖွဲ့အစည်းတွေ၊ လူတွေကို ဘယ်လိုနည်းနဲ့ စည်းရုံးမှ အဆင်ပြေမယ်လို့ ယူဆပါသလဲ” ဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့တာပါ။

“ပြည်သူတွေပဲ စည်းရုံးကြပါ။ ဒါပြည်သူတွေနဲ့ အဓိကဆိုင်တဲ့ ကိစ္စဖြစ်တယ်။ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူတွေရဲ့ အဓိကပြဿနာက ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို မသိသေးလို့ပဲ။ ငြိမ်းချမ်းရေးရရင် မိမိတို့အပါအဝင် အားလုံးအတွက် ဘယ်လို အကျိုးအမြတ်တွေ ရှိနိုင်သလဲဆိုတာကို သဘောမပေါက် သေးလို့။ အခု အခြေအနေနဲ့ စာရင် ငြိမ်းချမ်းရေးရရင် ပိုကောင်းမယ်ဆိုတာကို နှလုံးမသွင်းနိုင်သေးလို့ ငြိမ်းချမ်းရေးကို မလိုလားတာပေါ့။ အားလုံးအတွက် အကျိုးအမြတ် ရှိနိုင်တယ်ဆိုတဲ့ဟာကို ထင်ရှားအောင်လို့ ပြည်သူတွေကလည်း ဝိုင်းပြီးတော့လုပ်ပေးရမယ်။ ကိုယ်တိုင်ကလည်း ဖြစ်အောင် လုပ်ရမယ်” လို့ ပြောပါတယ်။

ပြီးတော့ ငြိမ်းချမ်းရေး ရပြီးတဲ့နေရာတွေက ပိုပြီး အရေးကြီးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ငြိမ်းချမ်းရေးရပြီးတဲ့နေရာတွေမှာ အထူးအရေးကြီးတယ်။ ငြိမ်းချမ်းရေး ရပြီးတဲ့နေရာမှာ ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲဖို့၊ ငြိမ်းချမ်းရေးကို သိပ်ပြီး မလိုလားသူတွေဟာလည်း ကျမတို့ ပြည်သူတွေရဲ့ တစိတ်တပိုင်းပါ။ အဲဒီတော့ ကိုယ့်အချင်းချင်း ကိုယ်ပြန်ပြီးတော့ အားလုံးကနေ စည်းရုံးပြီး အတူတူတွဲခေါ်ဖို့ အရေးကြီးပါတယ်” လို့ ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013