DVB Logo
Home
မြန်မာသတင်း
ချောင်းစောက်ကျေးရွာ အုပ်ချူပ်ရေးမှူးကို တရားမဝင် ငွေကြေးကောက်ခံမှုဖြင့် တိုင်ကြား
DVB
·
December 30, 2017
ချောင်းစောက်ကျေးရွာ အုပ်ချူပ်ရေးမှူးကို တရားမဝင် ငွေကြေးကောက်ခံမှုဖြင့် တိုင်ကြား
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တဘူးလှဆည်ထဲမှာ နေထိုင် လုပ်ကိုင်စားသောက်နေသူတွေဆီက တရားမဝင် ငွေကြေးကောက်ခံနေတဲ့ ချောင်းစောက်ကျေးရွာ အုပ်ချုပ်ရေးမှူးအား အရေးယူပေးဖို့ သမ္မတ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန ၆ ခုကို ဒီဇင်ဘာ ၁၁ ရက်နေ့က တိုင်ကြားထားပါတယ်။

ဦးဆောင်တိုင်ကြားသူ ဦးတင်ထွန်းက “အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဝင်းက ကိုယ်တိုင် ကောက်တာတော့ မဟုတ်ဘူး။ သူ တံမံ ၁ ကျေးရွာက ရာအိမ်မှူး ဦးသန်းထွဋ်၊ ဦးလှဝင်းနဲ့ ရဲအင်ဖော်မာ ဆိုသူနဲ့ ဆယ်အိမ်မှူးတွေကို ကောက်ခိုင်းတာ။ သူတို့ကနေ ဆည်ထဲမှာနေပြီး လုပ်ကိုင်စားသောက်နေတဲ့သူတွေရဲ့ စက်လှေတွေကို တစီးကို ၁ သောင်းကျပ်၊ ဖောင်တွေနဲ့ အိမ်ဆောက်နေတဲ့သူရယ်၊ ကုန်းပေါ်မှာ နေတဲ့သူတွေရယ်ကို တဖွဲ့ကို ၂ သိန်း တောင်းတယ်။ ဒါပေမယ့် သူတို့က ၂ သိန်းမပေးနိုင်လို့ ၁ သိန်း ပေးလိုက်ရတယ်” လို့ ပြောပါတယ်။

တရားမဝင်ငွေကြေးကောက်ခံရာမှာ ပါဝင်သူ ဆယ်အိမ်မှူး ဦးစိန်အောင်မြင့်က “အခုဒီအထဲမှာ နေတဲ့သူတွေကို ဌာနဆိုင်ရာတွေက နှင်ထုက်တော့မယ်။ ဒါကြောင့် နှင်ထုက်မခံရအောင်ဌာန ဆိုင်ရာတွေကို ငွေပေးထားရင် အဆင်ပြေမယ်ဆိုပြီး ကောက်ခိုင်းတာပါ။ ဆည်ထဲမှာက သစ်ခုတ်၊ ဝါးခုတ်မီးသွေးဖုတ်တဲ့သူတွေ များတယ်။ ဆည်ထဲမှာ စက်လှေအစီး ၁၀၀ ကျော်ရှိတယ်။ ကျနော်အဖွဲ့တွေ စက်လှေတစီးကို ၁၀၀၀၀ ကျပ်နဲ့အစီး ၉၅ စီးကိုကောက်ပြီး ရာအိမ်မှူး ဦးလှဝင်းလက်ထဲကို ထည့်ပေးလိုက်ပါတယ်။ သူတို့ဘာတွေ သုံးလည်းတော့ ကျနော်မသိပါဘူး” လို့ ပြောပါတယ်။

အတိုင်ခံထားရတဲ့ ချောင်းစောက်ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်နိုင်ဝင်းက “မတရားတိုင်တန်းထားတာပါ။ ဦးဆောင်တိုင်ကြားသူ ဦးတင်ထွန်းက တဘူးလှဆည်ထဲမှာ တရားမဝင် သစ်ခိုးလုပ်တယ်။ ဆင်ခိုးသတ်တဲ့အဖွဲ့တွေနဲ့လည်း ပတ်သက်တယ်။ ဆည်ထဲမှာနေပြီး တူမီးသေနတ်တွေလုပ် ရောင်းချတယ်။ တရားမဝင်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရဲကြေး၊ သစ်တောကြေး၊ (SP) ကြေး၊ သစ်တောရဲကြေး၊ ဒုစရိုက်နှိမ်နှင်းရေး (ဒန) ကြေး အစရှိတဲ့အဖွဲ့တွေအတွက် ဆည်ထဲက တရားမဝင်လုပ်ကိုင်နေတဲ့သူတွေဆီကနေ တောင်းပေးနေတဲ့ ပြဿနာတွေအများကြီးဖြစ်တယ်။ ကျနော်က ဌာနဆိုင်ရာတွေကို တင်ပြတယ်။ ဌာနဆိုင်ရာတွေ ဆင်းလာတယ်။ ဒါပေမယ့် အဲဒီအထဲမှာ သူတို့လူတွေရှိတယ်။ တရားမဝင်လုပ်စားတဲ့ သူတွေစီကနေ ငွေတောင်းပြီး ပြန်သွားကြတယ်။ ဒါတွေကို ကျနော်က ဖော်ထုက်ဖို့ လုပ်နေတာ။ ဒါကို သူတို့က သိတော့ အရင်ဦးအောင်တိုင်တာ။ ကျနော်ဖြေရှင်းမှာပါ။ ပြီးရင်တော့ ကျနော်ပြန်ပြီး တရားစွဲမှာပါ” လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ပုဒ်မ ၁၄၄ ထုက်ထားတဲ့ တဘူးလှဆည်အတွင်း တရားမဝင်သစ်ခိုးထုတ်တာတွေ၊ တောဆင်ရိုင်းတွေ အသတ်ခံရတာတွေ နှစ်စဉ်ဖြစ်ပေါ်နေပြီး အခုအခါ တူမီးသေနတ်တွေပါ ပြုလုပ်ရောင်းချနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး တောဆင်ရိုင်း အကောင်ရေ ၁၀ ကျော် အသတ်ခံခဲ့ရကာ အုပ်ချူပ်ရေးမှူးပါဝင်တဲ့ ဆင်ခိုးဂိုဏ်ကိုလည်း ၂၀၁၆ ခုနှစ်က ဖမ်းစီးရမိထားပြီး လက်ရှိအချိန်မှာ လွတ်မြောက်နေသူတွေလည်း ရှိနေသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013