DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မုဒိန်းမှုနှင့် လူသတ်မှု အများဆုံးဖြစ်ပွား
DVB
·
December 29, 2017
မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မုဒိန်းမှုနှင့် လူသတ်မှု အများဆုံးဖြစ်ပွား
Donate to DVB

၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်မှာ မုဒိန်းမှုနဲ့ လူသတ်မှု အများဆုံးဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိန်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်မှု နဲ့ မတရားအသင်းဆက်သွယ်မှု စတဲ့ အမှုကြီး ၁၀ မှုအနက် ပြန်ပေးမှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ လက်နက်မှုတို့မှာ ၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်မှာ ဖြစ်ပွားခဲ့ခြင်းမရှိပေမယ့် လူသတ်မှု ၄၉ မှု နဲ့ မုဒိန်းမှု ၅၆ မှုအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အခြားထူးခြားတဲ့ မှုခင်းတွေအနေနဲ့ ချောင်းဆုံမှာ ဓားပြမှု ၁ မှု၊ မော်လမြိုင်မှာ ဖောက်ထွင်းမှု ၁ မှု၊ ပေါင်မြို့နယ်မှာ တိရစ္ဆာန်ခိုးမှု ၁ မှု၊ မတရားအသင်း ဆက်သွယ်မှုအနေနဲ့ ဘီးလင်းမှာ ၁ မှု နဲ့ ကျိုက်မရောမှာ ၂ မှု တို့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မုဒိန်းမှုဖြစ်ပွားနှုန်းမှာ မော်လမြိုင်မြို့က ၁၂ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ကျိုက်ထိုမှာ ၁၀ မှု နဲ့ ပေါင်မြို့နယ်မှာ ၉ မှု တို့နဲ့ ဒုတိယနဲ့ တတိယအများဆုံး ဖြစ်ပွားခဲ့ပါတယ်။

မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးဦးစီး ပြည်နယ်ရဲမှူး မြင့်ဝင်းက “၂၀၁၇ မှာ မွန်ပြည်နယ်မှာ လူသတ်မှု ၄၉ မှု၊ ဓားပြမှု ၁ မှု၊ လုယက်မှု ၁၄ မှု၊ ဖောက်ထွင်းမှု ၁ မှု၊ မုဒိန်းမှု ၅၆ မှု၊ တိရစ္ဆာန်ခိုးမှု ၁ မှု နဲ့ မတရားအသင်း ၃ မှု စုစုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့ပါတယ်။ အများဆုံးဖြစ်ပွားခဲ့တာကတော့ လူသတ်မှုနဲ့ မုဒိန်းမှုပါ” လို့ ပြောပါတယ်။

သက်ငယ်မုဒိန်းမှုတွေ အပါအ၀င် မုဒိန်းမှုတွေ တိုးလာတာနဲ့ ပတ်သက်ပြီး ရဲမှူးက “မုဒိန်းမှု ဖြစ်ပွားမှု များလာတာက အွန်လိုင်းမှာ ညစ်ညမ်းဗွီဒီယိုကားတွေလည်း အလွယ်တကူ ၀င်ကြည့်လို့ ရတယ်။ လူတွေက စိတ်ကြွလာပြီးတော့ ဒီအမှုတွေ ဖြစ်တာများတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မုဒိန်းမှုလျော့နည်းကျဆင်းဖို့ ပညာပေးလုပ်ငန်းတွေပဲ လုပ်လို့ရမယ်။ အရင်တုန်းက ဆင်ဆာမဲ့ ဗွီဒီယိုတွေက ရုံနဲ့ပြတယ်။ အခုက ဖုန်းနဲ့ကြည့်လို့ရပြီဆိုတော့ ဒါတွေက ထိန်းချုပ်ဖို့ မလွယ်တော့ဘူး။ အခု ပညာပေးလုပ်ငန်းတွေကိုတော့ တောက်လျှောက်လုပ်နေပါ တယ်” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ မွန်ပြည်နယ်မှာ လူသတ်မှု ၆၂ မှုအထိ ဖြစ်ပွားလာခဲ့ပြီး ၂၀၁၇ မှာ ၁၃ မှု လျော့နည်းလာကြောင်း၊ မုဒိန်းမှုအနေနဲ့ အရင်နှစ်က ၅၃ မှုဖြစ်ပွားခဲ့ပြီး အခုနှစ်မှာ ၅၆ မှုဖြစ်ပွားခဲ့တဲ့အတွက် ၃ မှုတိုးလာခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် နှစ်ခုပေါင်း အမှုပေါင်း၂၄၉၃ မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013