ငြိမ်းချမ်းရေးလုပ်ငန်း ပြည်နယ်အဆင့် ပြည်သူများပါဝင်လာနိုင်အောင်လုပ်ဆောင်မည်
DVB
·
December 29, 2017

အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပြည်နယ်အဆင့် ပြည်သူတွေနဲ့ လူငယ်တွေပါ ပါဝင်လာနိုင်အောင် ပိုမိုလုပ်ဆောင်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၉ရက် မနက်က ကယားပြည်နယ် လွိုင်ကော်မြို့မှာရှိတဲ့ ကယားပြည်နယ်ခန်းမမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ်က လူငယ်တွေ တွေ့ဆုံကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပြောကြားခဲ့တာပါ။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ထဲမှာပါတဲ့ အချက်အလက်တွေကိုလည်း အများပြည်သူလေ့လာသိရှိနိုင်အောင်လုပ်ဆောင်သွားမယ်လို့ လည်းဆိုပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေအနေနဲ့ လက်တွဲပါဝင်လာဖို့ လိုအပ်တယ်လို့ပြောဆိုသွားပြီး လူငယ်တွေအနေနဲ့ အတ္တတွေထိန်းချုပ်ပြီး အတူလက်တွဲ လုပ်ဆောင်တက်အောင် ကြိုးစားသင့်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် ကယားပြည်နယ်အတွင်း ပြည်သူတွေရင်ဆိုင်နေရတဲ့ တပ်သိမ်းမြေကိစ္စနဲ့ ခရစ်ယာန်ဘုရားကျောင်းရှိရာ တောင်ကုန်းနေရာတခုကို သွားခွင့်မရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
အခုကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ၅ကြိမ်မြောက်ဖြစ်ပြီး အရင် နေပြည်တော်မှာ ၂ကြိမ်၊ ပင်လုံမှာ ၁ကြိမ်နဲ့ ဝမ်းတွင်းမြို့နယ် သဲကုန်းကျေးရွာမှာ တစ်ကြိမ်ကျင်းပခဲ့တာပါ။
သတင်း၊ ဓာတ်ပုံ- ဟိန်းကို