DVB Logo
Home
မြန်မာသတင်း
နမ္မတူတွင် ရွာထဲလက်နက်ကြီးကျသဖြင့် ပလောင်တပ်ဖွဲ့ လျော်ကြေးပေး
DVB
·
December 29, 2017
နမ္မတူတွင် ရွာထဲလက်နက်ကြီးကျသဖြင့် ပလောင်တပ်ဖွဲ့ လျော်ကြေးပေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုမှာ  ရွာထဲလက်နက်ကြီးကျလို့ နေအိမ် ၃ လုံး ပျက်စီးတာနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့က ကျပ်ငွေ ၃ သိန်း လျော်ကြေးပြန်ပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ တစ်နာရီခွဲလောက်က မိုင်းရင်အုပ်စု မန်ဆာအွန်ကျေးရွာအနီး မှာ တပ်မတော်နဲ့ တီအန်အယ်လ်အေ ပလောင်တပ်တို့ ရွာပြင်တဘက်စီမှာ နေရာယူထားကြလို့ ရွာသားတစ်ရာလောက်ဟာ လယ်စောင့်တဲတွေမှာ သွားရောက်တိမ်းရှောင်နေစဉ် ရွာထဲကို လက်နက်ကြီးတွေ ကျခဲ့တာလို့ မိုင်းရင်ရွာသား ဦးစိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီနေ့က  အစိုးရတပ်က ၀မ်အိုင်၊ မန်ဆာလုံရွာဘက်ကနေ မန်ဆာအွန်ရွာရဲ့အနောက်ဘက်ကို ရောက်လာတယ်။ ရွာရဲ့မြောက်ဘက်မှာ ပလောင်တပ်ရှိတယ်၊ အစိုးရတပ်က ရှောင်ခိုင်းလို့ ရွာသားတွေအကုန် လယ်စောင့်တဲမှာ သွားနေတော့ ရွာထဲကိုလက်နက်ကြီးကျတာ။”

လက်နက်ကြီးကျတာကြောင့် ရွာထဲက လူနေအိမ် ၃ လုံးမှာ ကျည်ဆန်ထိမှန် ပျက်စီးမှုတွေရှိခဲ့ပေမယ့် လူတွေကတော့  ရှောင်တိမ်းနေတဲ့အတွက် ထိခိုက်ဒဏ်ရာရ တာမရှိခဲ့ပါဘူး။

ဒါပေမယ့် ပစ်ခတ်မှုတွေအပြီးမှာ အိမ်ဆိုင်တစ်ဆိုင် အဖောက်ခံရလို့ ဖုန်းငွေဖြည့်ကတ်တွေနဲ့ စားစရာကုန်စုံတွေပါသွားပြီး  တန်ဖိုး ကျပ် ၄ သိန်းလောက်ဆုံးရှုံးခဲ့တယ်လို့  မိုင်းရင်ရွာသား ဦးစိုင်းက ပြောပါတယ်။

ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ရွာသားတွေက သက်ဆိုင်ရာသူကြီး၊ အုပ်ချုပ်ရေးတာဝန်ရှိသူနဲ့ လွှတ်တော်အမတ်တွေဆီ စာရေးအကြောင်းကြားခဲ့ရာမှာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကျေးရွာ အုပ်စုကော်မတီနဲ့ တိုက်နယ်သူကြီးတွေ လာရောက်စစ်ဆေးကြည့်ရှုခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ တီအန်အယ်လ်အေတပ်က ရွာသူကြီး၊ တိုက်နယ်သူကြီးနဲ့ ရွာသားတွေကို ဆင့်ခေါ်ပြီး ဆွေးနွေးခဲ့ကြောင်း၊ ၂၆ ရက်နေ့က မန်ဆာအွန်ရွာထဲမှာ အစိုးရတပ်သား ၃ ယောက်ကို တွေ့လို့ သူတို့ဘက်က ပစ်ခဲ့တာဖြစ်ပြီး ကုန်စုံဆိုင်အဖောက်ခံရတာတော့ သူတို့ လူမဟုတ်ကြောင်း၊  နေအိမ်ပျက်စီးမှုအတွက် ကျပ်ငွေ သုံးသိန်း အလျော်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အိမ်သုံးလုံးရဲ့ ပျက်စီးမှုတွေ ပြန်ပြင်ဖို့အတွက် ကျပ်ငွေသုံးသိန်းဟာ မဖြစ်စလောက် ငွေကြေးသာဖြစ်ပေမယ့် လက်နက်ကိုင်အဖွဲ့တွေကို ကြောက်ရွံ့တာကြောင့် ရသလောက်ပဲ ယူခဲ့တယ်လို့ ဦးစိုင်းက ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဒါပေမယ့် PSLF/TNLA ရဲ့ တိုက်ပွဲ သတင်းထုတ်ပြန်ချက်မှာတော့ ဒီဇင်ဘာ ၂၆ ရက်နေ့က သူတို့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ နမ္မတူမြို့နယ် မန်ဆာအွန်ကျေးရွာ အထက်ဘက်မှာ တကြိမ်၊ မန်စီမြို့နယ် နမ့်လင်းရွာနားမှာတကြိမ်၊ နမ့်ခိုင်တံတားအနီး ပတ်ဝန်းကျင်မှာတကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ပွဲဖြစ်ပြီး မြန်မာ့တပ်မတော်က လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် မန်ဆာအွန်ရွာက တာ့အိုက်ဟန်တို့ နေအိမ်ခေါင်မိုး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013