DVB Logo
Home
မြန်မာသတင်း
လူကြီးများကို ထမင်း ဟင်းကောင်း ကျွေးသည့်အကျင့် ဖျောက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
December 29, 2017
လူကြီးများကို ထမင်း ဟင်းကောင်း ကျွေးသည့်အကျင့် ဖျောက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

အစိုးရ အရာရှိလူကြီးတွေကို ဒေသခံတွေက ထမင်းကောင်း၊ ဟင်းကောင်း ကျွေးရတဲ့ အလေ့အကျင့်ကို ဖျောက်ဖို့  ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် လွိုင်ကော်မြို့မှာ  ဒီကနေ့မနက် ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပြောကြားလိုက်ပါတယ်။   

ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကယားပြည်နယ်က လူငယ်တဦးဖြစ်တဲ့ မာရီးယိုက “တိုင်းရင်းသားတွေဟာ အင်မတန်ရိုးသားပါတယ်။ ဘယ်လောက် ရိုးသားသလဲဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ ကိုယ်တိုင်လုပ်တဲ့ ထမင်း ဟင်းကိုတောင်မှ ကျနော်တို့က မကောင်းတဲ့ဟာတွေပဲ စားပြီး လူကြီးတွေ၊ အစိုးရတွေကို ကျနော်တို့ ထမင်းကောင်းကောင်းလေး ရောင်းချပေးနေရတယ်”လို့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး  တုံ့ပြန်လိုက်တာပါ။

“အဲဒီအကျင့်ကို ဖျက်ရလိမ့်မယ်၊ မကျွေးနဲ့။ ကျမတော့ မှန်မှန်ပြောရလို့ရှိရင်   လူကြီးတွေ သွားရင် ဟင်းတွေ အများကြီး ကျွေးတာ လုံးဝမကြိုက်ဘူး။ အဲဒါ ညွန်ကြားချက်ထုတ်ဖို့ စဉ်းစားနေတယ်၊ လူကြီးတွေလာရင် အသားဟင်းတခွက်၊ အသီးဟင်းတခွက် အရည်သောက် တော်ပြီ။ နောက်ပြီးတော့ ငါးပိ တို့စရာပေါ့။ အဲဒါထက်ပိုပြီးတော့ ကျွေးတဲ့အဖွဲ့တွေကို ဒဏ်ကြေးဆောင်ခိုင်းရမယ် ထင်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် အစိုးရ အာဏာပိုင် တာဝန်ရှိသူတွေ မတရားလုပ်တာနဲ့ အဂတိလိုက်စားတာ ရှိရင်လည်း ပြည်သူတွေက တိုင်ပိုင်ခွင့်ရှိတယ်၊ အရေးယူသင့်တဲ့သူကို အရေးယူဖို့ ပြည်သူက ဝိုင်းပြီးတော့ ကူညီရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ဒီနိုင်ငံမှာ အဂတိလိုက်စားမှုတွေရှိရင်၊ မတရားလုပ်တာတွေရှိရင် အစိုးရအဖွဲ့ကပဲဖြစ်ဖြစ် အုပ်ချုပ်ရေးယန္တရားထဲက ပုဂ္ဂိုလ်တွေဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် မတရားတဲ့ကိစ္စတွေ လုပ်လို့ရှင်ရင် ပြည်သူတွေကို တိုင်ပိုင်ခွင့်ပေးထားတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် တိုင်မှ ရမှာ။ မတရားသဖြင့်လုပ်တာကို ကြည့်နေပြီး ကြောက်နေရင် ကြောက်လို့ မတိုင်ဘူးဆိုရင်လည်း ကိုယ်လည်း ဒီအထဲမှာ ပါတယ်။ မဟုတ်တာလုပ်တာကို အားပေးရာရောက်သွားတာပေါ့။ ကိုယ်က တိုင်ရဲရမယ်။ တိုင်ခွင့်ပေးထားတယ်။ ဒါပေမယ့် တိုင်ပါဆိုပြီးတော့ ဘယ်လိုလုပ် သန်း ၅၀ ပြည်သူတွေကို တယောက်ချင်း လိုက်ပြောမလဲ။ ကိုယ့်အသိစိတ်ဓာတ်နဲ့ တိုင်သင့်တိုင်ရမယ့် ကိစ္စတွေကို မတရားတဲ့ကိစ္စတွေ၊ မမှန်တဲ့ကိစ္စတွေ တိုင်ရမယ်”

ဒီငြိမ်းချမ်းရေးစကားဝိုင်းမှာ ကယားပြည်နယ် ဒေသအနှံ့က ဒေသခံတိုင်းရင်းသားတွ ဖြစ်ကြတဲ့ မော်သျှားရယ်၊ မအော်လေးဗီးယာ၊ မအဲလစ်ထွန်း၊ မနှင်းနုဝေ၊ မမို့မို့ထင်ဇော်မွန်၊  ဦးစိုးရာဇာဝင်း၊ ဦးမာရီးယို၊ ဦးဖရားရယ်ရီးလိုတို့က ပါဝင်ဆွေးနွေးသွားကြပါတယ်။

ခုကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဟာ ၅ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး အရင်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျေးလက်နေ ပြည်သူတွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ စီးပွားရေးလုပ်ငန်းရှင် လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ နေပြည်တော်မှာ နှစ်ကြိမ်၊ ပင်လုံမြို့မှာ တကြိမ်၊ ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ရွာမှာ တကြိမ် ပြုလုပ်ခဲ့ဖူးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွိုင်ကော်မြို့ကို ရွေးကောက်ပွဲမတိုင်ခင်၂၀၁၄ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သွားရောက်ဟောပြောခဲ့သလို ၂၀၁၅ ခုနှစ်ကလည်း ကယားပြည်နယ်ကို သွားရောက် မဲဆွယ်စည်းရုံးဟောပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ အနိုင်ရလို့ အစိုးရအကြီးအကဲ တာဝန်ယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပထမဆုံးအကြိမ် ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013