DVB Logo
Home
မြန်မာသတင်း
အပြစ်မဲ့ကလေးနှစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံး
DVB
·
April 25, 2012
Donate to DVB

ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်က ရပ်ကွက်တခုမှာ နွားကျောင်းသွားတဲ့ ကလေးငယ်နှစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် တောင်ပေါ်ရပ်ကွက်မှာ လူမမယ် ကလေးငယ်နှစ်ဦး လွန်ခဲ့တဲ့ရက်ပိုင်းက ဓားဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရပြီး တရားခံဖော်ထုတ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ မြေပုံမြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်မှူး ဒု-ရဲမှူး ကျော်စိုးက ပြောပါတယ်။

အခုလ ၁၉ ရက်နေ့က ညနေစောင်းမှာ နွားသွားကျောင်းတဲ့ အသက် ၈ နှစ်အရွယ် ယောက်ျားလေးတဦးနဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦး အိမ်ပြန်မရောက်ဖြစ်ပြီး နောက် မနက်ကျမှ သချုင်္ိင်းဘေးမှာ လည်ပင်း ဓားဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒု-ရဲမှူးကျော်စိုးက “အခုတော့ စုံစမ်းဖော်ထုတ်နေတာပေါ့။ အဖြစ်နိုင်ဆုံး သတင်းတွေ ရယူတုန်း ရှိပါသေးတယ်။ တပတ်အတွင်း ပေါ်နိုင်အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းကလည်း “နွားကျောင်းရင်းနဲ့ ပြန်မလာလို့ လူပျောက်တိုင်ပြီး အခုတော့ တရားခံဖမ်းဆီးရရှိဖို့ ဆောင်ရွက်နေတုန်း ရှိပါသေးတယ်” လို့ ပြောပါတယ်။

မြေပုံမြို့ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ဒီအမှုကိစ္စကို ပေါ်အောင် ဖော်ထုတ်စေချင်တယ်လို့ ပြောပါတယ်။

“အရင်တုန်းကလည်း လူသတ်မှုတွေဖြစ်ခဲ့ပြီးတော့ မဖော်ထုတ်နိုင်ခဲ့တဲ့ ကိစ္စတွေ ရှိနေပါတယ်။ အခုလည်း မြို့ပေါ်မှာ နေ့ခင်းကြောင်တောင် ဖြစ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ အဲဒါမျိုး ကလေး ၂ ယောက်ကို ရက်ရက်စက်စက် သတ်သွားတယ်ဆိုတာတော့ ကျနော်တို့မြို့နယ်အတွက် မကောင်းတဲ့အချက်ပဲ။”

မြေပုံမြို့ပေါ်မှာ ကလေးသူငယ်တွေ အခုလို အသတ်ခံရတဲ့အတွက် မြို့ခံတွေအကြား စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“၁၉ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ အခု ၂၅ ရက်နေ့ထိ ဘာမှမထူးသေးဘူး။ လူတွေအ၀င်အထွက် အရမ်းကိုကြောက်နေကြတယ်။ ဘာလို့လဲဆိုတော့ ညဘက်မှာ လူသတ်တဲ့သူတွေ ရွာထဲဝင်လာတယ်ဆိုပြီး ကြားနေရတော့ ရွာသူရွာသားတွေလည်း လုံခြုံမှုမရှိတော့ ညဘက်ဆို အပြင်မထွက်ရဲဘူး။”

လွန်ခဲ့တဲ့ တလခန့်ကလည်း မြေပုံမြို့နယ် သာယာဝတီကျေးရွာမှာ ၁၃ နှစ် အရွယ် ရှစ်တန်းကျောင်းသူတဦး လည်ပင်း ဓားဒဏ်ရာနဲ့ သေဆုံးခဲ့ဖူးပြီး တရားခံကို ရဲက မဖမ်းမိသေးပါဘူး။

မြို့နယ်မှူး ဒု-ရဲမှူး ကျော်စိုးကတော့ သာယာဝတီရွာလူသတ်မှု တရားခံကို ဖော်ထုတ်နိုင်ပြီးဖြစ်ပေမယ့် ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တာကြောင့် ဖမ်းဆီးရမိရေး ကြိုးပမ်းနေတယ်လို့ ဖြေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013