DVB Logo
Home
မြန်မာသတင်း
ပဲခူးစည်ပင်ဝန်ကြီးနေအိမ် အခိုးခံရမှုဖြင့် ခေါ်ယူစစ်ဆေးခံရသည့်အမျိုးသား ဆွဲကြိုးချသေဆုံး
DVB
·
December 28, 2017
ပဲခူးစည်ပင်ဝန်ကြီးနေအိမ် အခိုးခံရမှုဖြင့် ခေါ်ယူစစ်ဆေးခံရသည့်အမျိုးသား ဆွဲကြိုးချသေဆုံး
Donate to DVB

 

ပဲခူးတိုင်း သာယာဝတီမြို့နယ် သဲဖြူကုန်းကျေးရွာမှ စည်ပင်ဝန်ကြီးနေအိမ် အခိုးခံရမှုနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခံရတဲ့ အမျိုးသား ဒီဇင်ဘာ ၂၆ ရက်နေ့ ညက ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

ပဲခူးတိုင်းအစိုးရအဖွဲ့ လူမူရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင် နေအိမ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့ ညက သူခိုးအခိုးခံခဲ့ရတာပါ။

သေဆုံးသူရဲ့ ဇနီးဖြစ်သူဒေါ်စန္ဒာဝင်းက "ကျမယောက်ျားက ဝန်ကြီးဆန်စက်မှာအလုပ်လုပ်တာ
(၁)လကျော်ပဲ ရှိပါသေးတယ်။ ဝန်ကြီးအိမ်အခိုးခံရလို့ သူနဲ့နောက်နှစ်ယောက်ကို ရဲစခန်းကစစ်ဖို့ခေါ်သွားတယ်လို့ပြောမှာ သိရတာပါ။ အိမ်နောက်ဘက်က ဆေးရိုးပင်မှာ ကြိုးတန်းလန်းနဲ့ သေနေတာကို တွေ့တာပါ။ သူက အရမ်း ရှက်တတ်တော့ အခုလိုရဲစခန်းကခေါ်ပြီး စစ်ဆေးတဲ့ အတွက် ရှက်ပြီး အခုလို သေကြောင်းကြံသွားတာပါ။ အရက်သေစာ သောက်သုံးတက်သူ မဟုတ်ပါဘူး။ အခုသူများတွေပြောနေသလို စိတ်မူမမှန်ဘူးဆိုတာလည်း မဟုတ်ပါဘူး။”


သေဆုံးသူနဲ့အတူ သာယာဝတီမြို့မရဲစခန်းမှာ ခေါ်ယူစစ်ဆေးခံရတဲ့ ကိုမောင်မောင်ဌေး က "အဲ့နေ့က ဆန်စက်မှာ ခြောက်ယောက်ကို အင်းမရဲစခန်းမှာ ခေါ်ပြီး စစ်တယ်။ ကျနော်ရယ် သေသွားတဲ့ ကိုမျိုးညွှန့်ရယ်၊ လက်ပံတန်းက သူတစ်ယောက်ကို သာယာဝတီစခန်းကိုခေါ်သွားတယ်။ တယောက်တလှည့် အစစ်ခံရတယ်။ ညဘက်ကျတော့ လက်ပံတန်းက တယောက်ပြန်လွှတ်ပေးတယ်။ ကျနော်ကိုမေးတော့ ကျနော်အဲ့နေ့က အလုပ်မဆင်းဘူး။ အဖေနေမကောင်းလို့ ရွာရောက်နေတာပြောတာကို မဖြစ်နိုင်ဘူးပြောတယ်။ နောက်နေ့ မနက်ခြောက်နာရီလောက်ကျတော့ ကျနော်ကိုပြန်ခွင့်ပေးတယ်။ ကိုမျိုးညွှန်ကတော့ ကျန်ခဲ့ရတယ်။ ညဘက်ရောက်တော့ သူပြန်လာတယ်ကြားလို့ သွားမေးတော့ သူက ရှက်တယ်လို့ တဖွဖွပြောပြီး ညကျတော့ အခုလို ကြိုးဆွဲချသေသွားတာပါ" လို့ပြောပါတယ်။

သာယာဝတီမြို့မရဲစခန်းက စခန်းမှူးဒုရဲမှူး လှသိန်းက “အခိုးခံရမှုနဲ့ပတ်သတ်ပြီးတော့ ဆန်စက်အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးတာတွေတော့ ရှိပါတယ်။ အခုကြိုးဆွဲချသေဆုံးတာက ဒီအမှုနဲ့ မဆိုင်ပါဘူး။ ဆွဲကြိုးချ သေဆုံးတာနဲ့ ပတ်သက်ပြီး ဘာကြောင့်သေဆုံးတယ်ဆိုတာကိုလဲ ကျနော်တို့ စုံစမ်းစစ်ဆေးနေတုန်းပါ။ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံနေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ကျနော်မသိပါဘူး”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့ ညက ဦးမောင်မောင်လွင်အိမ်အခိုးခံရပြီး ငွေသားက ၇သိန်း SamSung အမျိုးအစားဖုန်း ၂ လုံးပါသွားတာဖြစ်ပါတယ်။ ဒီဇင်ဘာ၂၅ ရက်မှာ ခိုးယူသွားသူကို ဖမ်းဆီးနိုင်ဖို့အတွက် သာယာဝတီမြို့မရဲစခန်းက (ပ)/၁၆၂၈/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးကို စစ်ဆေးဆောင်ရွက်နေပါတယ်။

ဆွဲကြိုးချသေဆုံးသူ ကိုကုလားလေး (ခေါ်) ကိုမျိုးညွှန်ကိုတော့ သာယာဝတီမြို့မ ရဲစခန်းက သေမှု သေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013