DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်အချို့နေရာများတွင် ရေအရည်အသွေးညံ့ပြီး ညစ်ညမ်းနေ  
DVB
·
December 28, 2017
ဧရာဝတီမြစ်အချို့နေရာများတွင် ရေအရည်အသွေးညံ့ပြီး ညစ်ညမ်းနေ  
Donate to DVB

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်တွင်း တချို့နေရာတွေမှာ  ရေအရည်အသွေးညံနေပြီး  မြစ်ရေကိုအမှီပြုသောက်သုံးနေသူတွေအတွက်  ကျန်းမာရေးအရ ထိခိုက်နိုင်တယ်လို့  ဧရာဝတီမြစ်ရေ သုတေသီ ဦးအောင်နိုင်မျိုးကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ဧရာဝတီမြစ်ဝှမ်း အခြေအနေ ဆန်းစစ်လေ့လာခြင်းမှုရလဒ်နဲ့ အမျိုးသားရေ ဥပဒေအကြောင်း ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ဧရာဝတီမြစ်ဝှမ်း အခြေအနေ ဆန်းစစ်လေ့လာမှု ရလဒ်နဲ့ ပတ်သက်ပြီး National SOBA Environmental Scientist ဖြစ်သူ ဦးအောင်နိုင်မျိုးက ဧရာဝတီမြစ်ရဲ့ ရေအရည်အသွေးနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ပါတယ်။

ဧရာဝတီမြစ်ရေ သုတေသန လုပ်နေတဲ့ ဦးအောင်နိုင်မျိုးက “ဧရာဝတီမြစ်မှာဆိုရင် ရေအရည်အသွေးတွေက တချို့နေရာတွေမှာ တော်တော်ညံ့နေပါတယ်။ ဥပမာ ဧရာဝတီတိုင်း မှာဆိုရင် အာဆင်းနစ်လို့ခေါ်တဲ့ စိန်တွေ၊ နောက်ပြီး သတ္တုတွင်းတွေကနေ ထွက်လာတဲ့ ပြဒါးတို့၊ ကက်မီရမ်တို့တွေက မြစ်တလျှောက် တော်တော်ကြီးကို ညစ်ညမ်းနေတယ်။ အဲဒါတွေကို ငါးတွေက စားမယ်။ ငါးတွေကို လူတွေက ပြန်စားတဲ့အခါ လူတွေမှာ ကျန်းမာရေးအရ တော်တော်ကြီးကို ထိခိုက်နိုင်ပါတယ်။ တချို့ရောဂါတွေက ချက်ချင်း မသိသာလာပေမယ့် နောင် ၁၀ နှစ်၊ ၁၅ နှစ်မျိုးကြာတဲ့အခါမှ ရောဂါလက္ခဏာတွေ ပေါ်လာတတ်တယ်။ အရေပြားရောဂါလို၊ ကင်ဆာရောဂါလိုပေါ့။ တော်တော်ကြောက်စရာ ကောင်းပါတယ်။ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဖို့ လိုအပ်နေပြီ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဧရာဝတီမြစ်က မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်ကနေ မြစ်ဖျားခံကာ ပင်လယ်ထဲထိ စီးဝင်တာဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်းမှာ လူဦးရေ ၃၃ ဒသမ ၂ သန်းခန့်၊  နိုင်ငံလူဦးရေရဲ့ ၆၄ ရာခိုင်နှုန်းခန့် နေထိုင်ကြပါတယ်။ လူဦးရေ တိုးတက်မှုနှုန်းအနေနဲ့ ၁၉၇၅ ခုနှစ်က ၂ ဒသမ ၄၄ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ ၀ ဒသမ ၉၂ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရေက တိုးတက်လာတဲ့ လူဦးရေ၊ ထွန်းကားလာတဲ့ စက်မှုကဏ္ဍ စတာတွေကြောင့် ဘက်တီးရီးယား ပါဝင်မှုအနေနဲ့ WHO က လမ်းညွှန်ချက်ထက် ၁၀၀၀ ဆကနေ ၆၅၀၀၀ ဆအထိ များပြားနေပါတယ်။ မြေပေါ်၊ မြေအောက်ရေတွေမှာလည်း ခဲ၊ အာဆင်းနစ်၊ ဖလူရိုက် စတာတွေက WHO က လမ်းညွှန်ချက်ထက် ကျော်လွန်နေတယ်လို့  စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

“ကျနော်တို့နိုင်ငံက တဖြည်းဖြည်းနဲ့ စီးပွားရေးကဏ္ဍ တိုးတက်လာတယ်။ လူဦးရေက တဖြည်းဖြည်းများလာတယ်။ နောက် စက်မှုဇုန်ကြီးတွေ ပေါ်လာတဲ့အတွက် အဲဒီ စက်မှုဇုန်တွေမှာ ရေဆိုးသန့်စင်စက်ရုံတွေ မရှိဘဲနဲ့ တိုက်ရိုက်စွန့်ပစ်နေတဲ့အတွက် မြစ်တွေ ချောင်းတွေမှာ ဆိုရင် ရေအရည်အသွေးတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ နှုန်းထက် မြင့်မားနေတဲ့အတွက် လူထုကျန်းမာရေးကို ထိခိုက်နေပါတယ်။”လို့ ဦးအောင်နိုင်မျိုးကပြောပါတယ်။

အလားတူချင်းတွင်းမြစ်ဟာလည်း ဧရာဝတီမြစ်လိုပဲ အများပြည်သူတွေ သောက်သုံးဖို့ မသင့်တော့ဘူးလို့ ရလဒ်တွေ ထွက်ပေါ်နေပါတယ်။

ကမ္ဘာ့အချို့နိုင်ငံတွေမှာ လူတဦးချင်းစီရဲ့ ရေလိုအပ်မှုက အဓိကစိန်ခေါ်မှု ဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာတော့ မြေပေါ် မြေအောက် ရေအချိုးကျ တွက်လိုက်ရင် လူတယောက်ကို တနေ့ ဂါလန် ၂ သောင်းလောက်ထိ သုံးစွဲနိုင်သေးတယ်လို့ သိရပါတယ်။

မြေအောက်ရေ သုံးစွဲတဲ့ ပမာဏကလည်း ပြန်လည်ဖြည့်တင်းတဲ့ ပမာဏထက် ပိုများနေတယ်လို့ ဆိုပါတယ်။ ဇီဝမျိုးကွဲ ၁၃ ခုရဲ့ ၂၀%က မြေအောက်ရေအပေါ်မှာ မှီခိုနေပြီး ၇ ခုကတော့ ဦးစားပေး အမြင့်ဆုံးအဆင့်အနေနဲ့ ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။

တိုးပွားလာတဲ့ လူဦးရေ၊ တိုးတက်လာတဲ့ စက်မှုကဏ္ဍတွေကြောင့် ရှိရင်းစွဲရေးတွေကို စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသားရေဥပဒေ (မူကြမ်း)ကိုလည်း ပြင်ဆင်နေပါတယ်။

ရေဥပဒေ ထွက်ပေါ်လာရင်တော့ ပိုမိုကောင်းမွန်တဲ့ ရေအသုံးချမှုတွေနဲ့ နိုင်ငံလည်း ပိုမိုတိုးတက်လာမယ်လို့ ဆိုပါတယ်။ ရေဥပဒေ(မူကြမ်း)ကိုတော့ ၂၀၁၈ ခုနှစ် နှစ်လယ်လောက်မှာ ကော်မတီကို တင်ပြနိုင်ဖို့ စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ကကျင်းပတဲ့ ဆွေးနွေးပွဲက မုံရွာမြို့မှာ ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပြီး ဆွေးနွေးပွဲကို ရရှိတဲ့အချက်တွေကိုလည်း ရေဥပဒေမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ လမ်းပန်းဝန်ကြီး ဦးသန်းညွန့်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013