DVB Logo
Home
မြန်မာသတင်း
၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်ကို ထိုင်းနိုင်ငံသားများ အများဆုံး ဝင်ရောက်လည်ပတ်
DVB
·
December 28, 2017
၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်ကို ထိုင်းနိုင်ငံသားများ အများဆုံး ဝင်ရောက်လည်ပတ်
Donate to DVB

 

မွန်ပြည်နယ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည်တွေဝင်ရောက်ရာမှာ ၂၀၁၇ ခုနှစ် တနှစ်ပတ်လုံးမှာ ထိုင်းနိုင်ငံသားတွေ အများဆုံး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

၂၀၁၇ ဇန်နဝါရီမှ နိုဝင်ဘာလကုန်ပိုင်းအထိ မွန်ပြည်နယ်ကို ထိုင်းနိုင်ငံသား ၁၀၂၂၃၀ ဦးအထိအများဆုံး ဝင်ရောက်လည်ပတ်ခဲ့ပြီး ပြင်သစ်နိုင်ငံသား ၁၄၁၃၆ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁၃၄၉၀ ဦးတို့က ဒုတိယနဲ့ တတိယအများဆုံး ဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံခြားခရီးသွားဧည့်သည်တွေဟာ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ကို အများဆုံး လာရောက်လည်ပတ်ကြသလို မုဒုံမြို့နယ်က အာရှအကြီးဆုံး ဝင်းစိန်တောရ လျောင်းတော်မူ စေတီတော်ကို ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားမှု အများဆုံး ရှိတယ်လို့ မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောပါတယ်။

“ပြည်နယ်တခုလုံး ပြောရရင် အရင်နှစ်တွေထက် ၈ ရာခိုင်နှုန်းလောက် တိုးတက်လာပါတယ်။ ထိုင်းလူမျိုးတွေကလည်း ကျိုက်ထီးရိုးကို ဝင်ရောက်မှု များတယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ နိုင်ငံခြားခရီး ဝင်ရောက်မှု ပိုများတယ်။”

ဒါ့အပြင် နိုင်ငံခြားခရီးသွား ပိုမိုလာရောက်နိုင်ရေးအတွက် တိမ်မြုပ်နေတဲ့ အဆောက်အအုံတွေကိုလည်း ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“မော်လမြိုင်မှာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော်ကတည်းက ဆောက်လုပ်ခဲ့တဲ့ ကိုလိုနီအဆောက်အအုံတွေ ရှိတယ်။ နိုင်ငံခြားသားတွေ၊ ဥရောပ နိုင်ငံသားတွေက အဲဒါမျိုးတွေ သိပ်စိတ်ဝင်စားတယ်။ ကျနော်တို့က ဒါလေးတွေကို ဖော်ထုတ်ပေးရမယ်။ ဝင်းစိန်တောရ ဆိုရင်လည်း လျောင်းတော်မူက အရှေ့တောင်အာရှ မဟုတ်ဘူး၊ အာရှမှာတောင် အကြီးဆုံးပဲ။ ဒါတွေကို များများဖော်ထုတ်လို့ သူတို့ သိလာရင် စိတ်ဝင်စားလာကြမယ်။”

ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုကြောင့် ဟိုတယ်တခုတည်းသာ ဝင်ငွေရရှိနေတာ မဟုတ်ဘဲ ဖယ်ရီ(တက္ကစီ)တွေ၊ ရိုးရာယဉ်ကျေးမှုပစ္စည်း ထုတ်လုပ်ရောင်းချနေသူတွေ အပါအဝင် လူတန်းစား အလွှာအသီးသီးအတွက် ဝင်ငွေတိုးလာစေမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဂျာမနီနိုင်ငံမှ မော်လမြိုင်ကို သုံးပတ်ကြာ လာရောက်လည်ပတ်နေတဲ့ ဆီရီက “ကျမတို့က မြန်မာနိုင်ငံ တနိုင်ငံတည်းကိုပဲ အလည်အပတ်လာခဲ့တာပါ။ မြန်မာနိုင်ငံကို ဘာလို့ ရွေးချယ်ဖြစ်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ တောတောင်ရေမြေ ရှုခင်းတွေကြောင့်ပါ” လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ်က မွန်ပြည်နယ်ကို ပြည်တွင်း ခရီးသွားဧည့်သည် ၁၈၉၈၄၃၉ ဦး၊ ပြည်ပမှ ၁၅၇၈၄၂ ဦး၊ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းခရီးသွားဧည့်သည် ၂၀၇၉၁၆၀ ဦး၊ ပြည်ပမှ ၂၀၂၅၃၄ ဦးတို့ လာရောက်လည်ပတ်ခဲ့ကြပါတယ်။

၂၀၁၇မှာတော့ နိုဝင်ဘာလအထိ ပြည်တွင်းခရီးသွား ဧည့်သည် ၂၇၇၀၂၀၂ ဦးနဲ့ ပြည်ပခရီးသွားဧည့်သည် ၁၉၁၉၅၆ ဦး ဝင်ရောက်ခဲ့ပြီး ၃ နှစ်အတွင်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်အများဆုံး ဝင်ရောက်တဲ့နှစ် ဖြစ်တယ်လို့ မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013