DVB Logo
Home
Lead Story
လူငယ်တွေရဲ့မျှော်လင့်ချက်နဲ့ ပြည်တွင်းစစ်
DVB
·
December 28, 2017
လူငယ်တွေရဲ့မျှော်လင့်ချက်နဲ့ ပြည်တွင်းစစ်
Donate to DVB

“ကျနော် ဘွဲ့ရသွားရင် ရှေ့နေလုပ်ဖို့အတွက် ရည်မှန်းချက်ရှိပါတယ်။ အခုတော့ ကျောင်းဆက်မတက်ဖြစ်တော့ ကျနော့်ရည်မှန်းချက်တွေ မရှိတော့ဘူး။”

အသက် ၂၀ ကျော်လောက်ပဲ ရှိသေးတဲ့ အရပ်ရှည်ရှည် အသားဖြူဖြူ ကိုယ်စိုင်ထွားထွားနဲ့ ကပိုကယို ကောင်လေးတယောက်။ အဝါရောင် ဆွဲသားလက်ရှည်က ခပ်နွမ်းနွမ်း၊ အနက်ရောင်ဘောင်းဘီရှည်က ခပ်စုတ်စုတ်။ ဆီမရှိတဲ့ ဆံကေသာက ခေတ်လူငယ်တွေ ဆေးဆိုးထားတဲ့ ရွှေအိုရောင်သန်းနေတဲ့ အရောင်နဲ့ ကုန်းကုန်းကွကွ ဘိလပ်မြေတွေ သွန်ချနေတယ်။ သူလုပ်နေတဲ့အလုပ်က ပန်းရန်အလုပ်။ ဖြစ်ချင်တာက ရှေ့နေ။ သူ့လို ရည်မှန်းချက်နဲ့ တထပ်တည်းမကျတဲ့ လူငယ်တွေ အဲဒီစစ်ရှောင်စခန်းထဲမှာ ဒုနဲ့ဒေး ရှိပါတယ်။

၁၉၉၄ ခုနှစ်ကတည်းကစပြီး တိုက်ပွဲတွေမရှိခဲ့တဲ့ ကချင်ပြည်နယ်ဟာ တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ ကာလအလွန် ပါတီစုံဒီမိုကရေစီစနစ်ကို အပြောင်း ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ကစပြီး တကျော့ပြန် စစ်မီးတွေ တောက်လောင်ခဲ့တာ ယနေ့အချိန်ထိပါ။ အဲဒီစစ်မီးတွေကြောင့်ပဲ ကျေးရွာပေါင်း ၃၀၀ ကျော်လောက် ပျက်စီးဆုံးရှုံးခဲ့သလို အိုးမဲ့အိမ်မဲ့ ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင် တသိန်းနှစ်သောင်းကျော်ဟာ ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ အသီးသီး ခိုလှုံနေကြပါတယ်။

အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက သူတို့တွေရဲ့ စားဝတ်နေရေးအတွက် အထောက်အပံ့တွေ ပေးကြပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေ မရကြပါဘူး။ နေစရာရှိပေမယ့် စားစရာအတွက် ရုန်းကန်ကြရင်း ဇော်မိုင်တို့လို ဘဝရည်မှန်းချက်ရှိနေတဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေဟာ ဒီ ပြည်တွင်းစစ်မီးတွေကြောင့်ပဲ ပျောက်ဆုံးခဲ့ရပါတယ်။ သူတို့တွေရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့် ကျောင်းစာသင်ခန်းတွေကို ကျောခိုင်းပြီး ဝမ်းရေးအတွက် ရတဲ့အလုပ် လုပ်နေကြရတာပါ။

“အဖေနဲ့အမေက ကျောင်းဆက်ထားပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ပိုက်ဆံ အခက်အခဲဖြစ်နေတော့ ဆက်မတက်ဖြစ်ဘူး။ အပြင်မှာ နေ့စားလုပ်ရင် ၅၀၀၀ လောက် ရတယ်။ ဒီမှာရှိတဲ့သူတွေကိုလည်း ပညာတတ်စေချင်တာပေါ့။ ဒါပေမယ့် ကျနော့်ဘက်က ပြည့်စုံမှု မရှိတဲ့အတွက်ကြောင့် ဘာမှပံ့ပိုးမပေးနိုင်ဘူး” လို့ ကချင်ပြည်နယ် ဇီးလွန် စစ်ရှောင်စခန်းမှာနေတဲ့ ဇော်မိုင်က ပြောပါတယ်။

ကချင်ပြည်နယ်ထဲက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေတဲ့သူတွေရဲ့ အကြီးမားဆုံး အခက်ခဲတွေထဲက တခုက သားသမီးတွေရဲ့ ပညာရေးကို လိုသလောက် မပံ့ပိုးပေးနိုင်ကြတာပါ။ ၁၀ တန်းအောင်သွားတဲ့ ကျောင်းသားတွေက နောက်နှစ် ၁၀ တန်းကို တက်လာမယ့် ကျောင်းသားတွေကို ပညာတွေ ပြန်ဝေမျှရင်း တက္ကသိုလ်ဝင်တန်း ဆိုတဲ့ တောင်တန်းကြီးကို ကျော်ဖြတ်နေကြတာပါ။ ကျောင်းစာသင်ခန်းတွေထဲမှာ သင်တာတွေကိုသာ လိုက်နိုင်အောင် ကြိုးစားသင်ယူကြရပါတယ်။ သင်ခန်းစာတွေ မလိုက်နိုင်ရင် သူတို့အတွက် ကျူရှင်ဆိုတာကို တက်နိုင်ဖို့ ခက်ခဲလှပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့သူတွေအတွက် တဦးကို ထောက်ပံ့ကြေး တသောင်းဝန်းကျင်သာ ရကြလို့ တဘာသာကို ၂၀၀၀၀ လောက်ရှိနေတဲ့ ကျူရှင်ကြေးကို သူတို့တွေရဲ့ မိဘတွေ မထားပေးနိုင်ကြပါဘူး။ ဒါကြောင့်ပဲ စစ်ဘေးရှောင်စခန်းတွေထဲမှာနေတဲ့ ကျောင်းသားတွေရဲ့ ပညာရေးထက် ဝမ်းရေးကိုသာ ဦးစားပေး ဖြေရှင်းနေကြရပါတယ်။

“ဆရာမဖြစ်ချင်တာ။ ငွေကြေးအခက်အခဲဖြစ်လို့ ကျောင်းဆက်မတက်တော့ဘူး။ ကျောင်းမှာ အများနဲ့ဆိုတော့ ဆရာမတွေသင်တာ တခါတလေ သိပ်နားမလည်ဘူး။ ကျူရှင်မှာသင်တော့ ပိုနားလည်တယ်” လို့ တက္ကသိုလ်ဝင်တန်း ကျရှုံးခဲ့တဲ့ ဒဘတ်ယန်ကျေးရွာဘက်က စစ်ဘေးရှောင်လာတဲ့ ခေါင်နန်းက ပြောပါတယ်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ဇီးလွန်စစ်ဘေးရှောင်စခန်းကနေ တက္ကသိုလ်ဝင်တန်း ဝင်ဖြေတဲ့ ကျောင်းသား ၃၇ ယောက် ရှိပါတယ်။ ဒါပေမယ့် အဲဒီကျောင်းသားအကုန်လုံး စာမေးပွဲ မအောင်မြင်ခဲ့ပါဘူး။ ဒီလိုမအောင်မြင်ရခြင်းက ကျူရှင်မထားနိုင်တာကြောင့်လို့ အဲဒီစစ်ဘေးရှောင်စခန်းက တာဝန်ခံ ဒရှီလမိုင်းက အပြစ်တင်ပါတယ်။

“ပညာရေးက ကျူရှင်ယူမှ လိုက်နိုင်မယ့်အနေအထား ရှိတယ်။ ကျူရှင် ညဂိုက်မှ မယူဘူးဆိုရင် မလိုက်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ ကျနော်တို့ စစ်ရှောင်ကလေးတွေက ငွေရေးကြေးရေး အခက်အခဲရှိတယ်။ ကူညီတဲ့ အဖွဲ့အစည်းတွေကလည်း ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်သူ့မှ ကူညီတာမရှိဘူး။ အဲဒါကြောင့် မနှစ်တုန်းက ကျနောတို့ဆီက ၁၀ တန်းကျောင်းသားတွေ တယောက်မှ အောင်တာမရှိပါဘူး။”

ဇီးလွန်စစ်ဘေးရှောင်စခန်းမှာ ကျောင်းသားစုစုပေါင်း ၂၇၀ ကျော်ရှိပါတယ်။ အဲဒီစစ်ရှောင်စခန်းထဲမှာ ရှိနေတဲ့ မတင်ကတော့ သားသမီးတွေရဲ့ ပညာရေးကို အဓိကထားပြီး သင်ကြားပေးနေပေမယ့် သူတို့ဖြစ်ချင်တဲ့အရာတွေကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

“သားက အင်ဂျင်နီယာကြီး ဖြစ်ချင်တာ။ ပိုက်ဆံက မရှိဘူးလေ။ ဝက်တွေမွေးပြီး ကျောင်းထားရတာ။ အခုဆို သူ့အဖေက ကျန်းမာရေးမကောင်းဘူးဆိုတော့ ပိုက်ဆံက ရှာလို့မရဘူး။ ဗိုက်ခွဲထားတာ။ သားသမီးက ဖြစ်ချင်တာကို မိဘက မထောက်ပံ့ပေးနိုင်တော့ အခက်အခဲတွေ့ရတာပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်ကိုစွန့်ပြီး ဘေးလွတ်ရာကို ပြေးလာကြတဲ့ စစ်ရှောင်တွေအတွက် မြေနေရာတွေကိုသာ ဆုံးရှုံးခဲ့ရတာ မဟုတ်ပါဘူး။ သူတို့တွေရဲ့ အနာဂတ်နဲ့ မျှော်မှန်းချက်တွေကိုပါ ဆုံးရှုံးခဲ့ရတာပါ။ Humanity Institute ရဲ့ ဒီနှစ်ထဲမှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းမှာတော့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်တဲ့သူတွေရဲ့ ပညာရေးမှာ ဆရာ၊ ဆရာမတွေရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံရတာတွေ ရှိသလို အထင်မြင်သေးတာတွေကိုပါ ခံရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သူတို့တွေမှာ စိတ်ပိုင်းဆိုင်ရာ အားငယ်မှုတွေပါ ရှိနေကြတယ်လို့လည်း အဲဒီသုသေတနစာတမ်းမှာ ပါရှိပါတယ်။ Humanity Institute ရဲ့ တွဲဖက်ဒါရိုက်တာ ဖရန်စစ်ဇော်တူးကတော့-

“သူတို့တွေက အခြေခံမကောင်းဘူးဆိုပြီးမှ ကျောင်းအမည်ပျက်မယ်ဆိုပြီး ကျောင်းဘက်က သက်ဆိုင်တဲ့သူတွေက သိပ်လက်မခံချင်ကြဘူး။ ဘော်လီဘော ပုတ်ခံရတယ်ပေါ့။ ဟိုကျောင်းမှာ သွားအပ်ချေ။ ဒီကျောင်းမှာ သွားအပ်ချေဆိုပြီးမှ တခါတည်း ချက်ချင်းလက်ခံတဲ့ပုံစံမျိုး မရှိဘူး။”

ဒီလို ခွဲခြားဆက်ဆံခံရတဲ့ အကြောင်းကို စစ်ရှောင်စခန်းမှာ နေထိုင်နေတဲ့ ကျောင်းသားမိခင်တဦးဖြစ်တဲ့ ဒေါ်ထုရော်က-

“ကျောင်းတက်နိုင်တဲ့ ကလေးတွေကျတော့လည်း ကျောင်းမှာ ဆရာ၊ ဆရာမတွေက ခွဲခြားဆက်ဆံကြတယ်။ ကျောင်းမှာ တခုခုလုပ်လို့ ပိုက်ဆံကောက်ရင်လည်း စစ်ရှောင်ကလေးတွေထ ဆိုပြီး ပြောတယ်။”

ကချင်ပြည်နယ်ပညာရေးမှူးကတော့ စစ်ရှောင်စခန်းက ကလေးတွေကို ခွဲခြားဆက်ဆံတာတွေ မရှိသလို သူတို့အတွက် ထောက်ပံ့မှုတွေကို ဦးစားပေး လုပ်ဆောင်တဲ့အကြောင်း ပြောပါတယ်။ ကျောင်းထွက်နှုန်းများတာလည်း ဆင်းရဲမွဲတေမှုနဲ့ ဆက်စပ်နေတဲ့အပြင် ကလေးတွေ စာမလိုက်နိုင်တာက စစ်ရှောင်စခန်းက ကျောင်းသားတွေတင်မဟုတ်ဘဲ နယ်က ကျောင်းတွေမှာလည်း မလိုက်နိုင်ကြတဲ့အကြောင်း ဒါ့အပြင် ဆရာ/ဆရာမ မလုံလောက်တဲ့အကြောင်း ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က ပြောပါတယ်။

“လက်ရှိ KG (ကေဂျီ) သင်ရိုးတွေဆိုရင် ကျူရှင်မလိုဘူး။ အရင်သင်ရိုးစနစ်က ကျူရှင် ရှိနေသေးတယ်၊ မလွတ်သေးဘူး။ ဘာလို့လဲဆိုတော့ သင်ခန်းစာများတာလည်း ပါတယ်။ ကျောင်းသင်ချိန်နဲ့ တကယ်တတ်အောင်သင်ရင် မလုံလောက်တဲ့အတွက် ကျူရှင်ဆိုတာ ပေါ်လာတာ။ ကျူရှင်စနစ် ပြောင်းသွားဖို့ဆိုရင် သင်ရိုးနစ်ပြောင်းသွားဖို့ လိုတယ်။ လက်ရှိ ၁၀ တန်းသင်ရိုးက အင်္ဂလိပ်လိုသင်တာ။ တတ်အောင်သင်ရင် မကုန်ဘူး။ ကုန်အောင်သင်ရင် မတတ်ဘူး” လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ကျောင်းသားကျောင်းသူ ၃ သိန်းကျော်လောက် ရှိပေမယ့် ဆရာ၊ ဆရာမ အင်အားကတော့ တထောင်ကျော်ပဲ ရှိပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း  အောင်မြင်မှုရာခိုင်နှုန်း ၃၀ ဒသမ ၀၅ ရှိပြီး  အဆင့် ၁၁ မှာရှိပါတယ်။

ပညာရေးအပေါ် မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ စိတ်ထိခိုက်ရသလို အတန်းဖော် သူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အခါမှာလည်း ရှက်ကြောက်စိတ်တွေ ဖြစ်ပေါ်မိတယ်လို့ မိုင်းနားစစ်ရှောင်စခန်းက မရွယ်ဒူးက ပြောပါတယ်။

“အတူတူခင်ခဲ့တဲ့ သူငယ်ချင်းတချို့ဆို ပညာတတ်တာနော်။ ကိုယ်က ပညာမတတ်တော့ တွေ့ဖို့တောင်မှ ရှက်တယ်။ သူတို့နဲ့ယှဉ်ရင် စိတ်ထဲမှာတော့ တမျိုးတော့ ခံစားရတယ်။”

အောင်သူ(ဒေးဒရဲ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013