DVB Logo
Home
မြန်မာသတင်း
အလုပ်သမား​အဖွဲ့​များ​ကို အလုပ်သမား​နေ့​တွင် လွတ်လပ်စွာ ​ပြောဆိုခွင့်​မပြု
DVB
·
April 25, 2012
အလုပ်သမား​အဖွဲ့​များ​ကို အလုပ်သမား​နေ့​တွင် လွတ်လပ်စွာ ​ပြောဆိုခွင့်​မပြု
Donate to DVB

ရန်ကုန်တိုင်း​အတွင်း​ တရား​ဝင် ဖွဲ့​စည်း​ခွင့်​ပြုလိုက်တဲ့​ အလုပ်သမား​ အဖွဲ့​အစည်း​တွေကို အလုပ်သမား​နေ့​ အခမ်း​အနား​ တက်​ရောက်ဖို့​ အစိုး​ရက ဖိတ်ကြား​ခဲ့​ပေမယ့်​ လွတ်လပ်စွာ ​ပြောဆို​ဆွေး​နွေး​ခွင့်​တော့​ ရမှာမဟုတ်ဘူး​လို့​ သိရပါတယ်။

ရန်ကုန်တိုင်း​ထဲမှာရှိတဲ့​ လှိုင်သာယာ၊​ ​ရွှေ​ပေါက်ကံစတဲ့​ စက်မှုဇုန်​တွေက တိုင်ရီ၊​ ​ရွှေဇင်မင်း​စတဲ့​ အလုပ်သမား​အဖွဲ့​ ၈ ဖွဲ့​ကို အလုပ်သမား​ဝန်ကြီး​ဌာနက တရား​ဝင်အဖွဲ့​အစည်း​တွေအဖြစ် ဧပြီ ၂၅ ရက်မှာ အသိအမှတ်ပြု လက်မှတ်​တွေ ထုတ်​ပေး​လိုက်ပါတယ်။

အဲ့​ဒီလက်မှတ် ထုတ်​ပေး​တဲ့​အခမ်း​အနား​မှာ အလုပ်သမား​ဝန်ကြီး​ဌာန တာဝန်ရှိသူက ​နေပြည်​တော်မှာ ကျင်း​ပမယ့်​ အလုပ်သမား​နေ့​ အခမ်း​အနား​ တက်​ရောက်ဖို့​ ဖိတ်ကြား​ခဲ့​ပြီး​ အဖွဲ့​အား​လုံး​ကိုယ်စား​ တဦး​ကိုပဲ တင်ပြခွင့်​ ပြုတာ ဖြစ်ပါတယ်။

ဒါ့​ပြင် ဒီအခမ်း​အနား​မှာ လွတ်လပ်စွာ ​ပြော​ရေး​ဆိုခွင့်​ရမှာ မဟုတ်ဘူး​လို့​ တိုင်ရီဖိနပ်စက်ရုံ အ​ခြေခံအလုပ်သမား​ အဖွဲ့​အစည်း​ဥက္ကဋ္ဌ ​ဒေါ်မိုး​ဝေက ​ပြောပါတယ်။

“အဲဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ကျမတို့​ ညွှန်ချုပ်ကြီး​တွေကို ​တောင်း​ဆိုတယ်။ အလုပ်သမား​အဖွဲ့​အစည်း​အ​နေနဲ့​ ဖိတ်ကြား​လို့​ တက်​ရောက်တယ်ဆိုရင်​တော့​ ကျမတို့​အ​နေနဲ့​ တက်​ရောက်ခွင့်​ရတာ ဂုဏ်ယူတယ်။ အဲဒီလို ​မေ​ဒေး​နေ့​ အခမ်း​အနား​တွေ ကျင်း​ပ​ပေး​သလိုပဲ အလုပ်သမား​ကိုယ်စား​ပြု ကျမတို့​ အဖွဲ့​အစည်း​တွေ အ​နေနဲ့​ စကား​ပြောခွင့်​ ရချင်တယ်လို့​ ​တောင်း​ဆိုတာကို သူတို့​က လက်မခံဘူး​။ တဦး​တ​ယောက်ထဲကပဲ ​ပြောရမယ်လို့​ ​ပြောပါတယ်။ ​ပြောမယ့်​စကား​ကို စာတမ်း​ဖတ်ခွင့်​ ရှိမယ်လို့​ ​ပြောတယ်။ ​မေ​ဒေး​နေ့​ အခမ်း​အနား​မှာ အလုပ်သမား​တွေက ​ပြောချင်တဲ့​စကား​ကို ​ပြောပိုင်ခွင့်​ ရှိမှာမျိုး​တော့​ မဟုတ်ဘူး​။ နိုင်ငံ​တော် အစိုး​ရက ချမှတ်ထား​တဲ့​ မူ​တွေ​ဘောင်​တွေနဲ့​ ကိုက်ညီမှသာလျှင် ​ပြောခွင့်​ရှိမယ်။ ​ပြောမယ့်​စာ​တွေကိုလည်း​ တရက်ကြိုတင်ပြီး​တော့​ သူတို့​ဆီကို တင်ထား​ရမယ်။ ပယ်ချလိုက်မယ်။ ​ပြောခွင့်​မရှိဘူး​ဆိုရင်​တော့​ ဘာမှ​ပြောလို့​ရမှာ မဟုတ်ဘူး​။

ကျမ​ပြောချင်တာက နိုင်ငံ​တော်က​နေ ​မေ​ဒေး​နေ့​ အခမ်း​အနား​ကြီး​တောင် လုပ်​ပေး​ခဲ့​တယ် ဆိုရင်​တော့​ ဒီအဖွဲ့​အစည်း​ရဲ့​ ကိုယ်စား​ပြုသူ​တွေက အလုပ်သမား​တွေနဲ့​ ပတ်သက်တဲ့​ အ​ကြောင်း​အရာ​တွေကို ​ဆွေး​နွေး​ပြောဆိုခွင့်​ ​ပေး​သင့်​တယ်လို့​ ကျမအ​နေနဲ့​ထင်တယ်။”

ဧပြီလ ၂၅ ရက်မှာ အလုပ်သမား​ဖွဲ့​စည်း​ခွင့်​နည်း​ဥပ​ဒေ ၁၅(က)နဲ့​ (ခ)အရ အဖွဲ့​ ၈ ဖွဲ့​ ဖွဲ့​စည်း​ခွင့်​ပြုခဲ့​ပါတယ်။ အဲ့​ဒီအဖွဲ့​တွေက​တော့​ တိုင်ရီ၊​ အိုပယ်၊​ အိုဇန်၊​ ပုဝါစက်ရုံ၊​ သာဓုကန်စက်မှုဇုန်၊​ ​ရွှေဇင်မင်း​အထည်ချုပ်စက်ရုံ၊​ ​ရွှေ​ပေါက်ကန်စက်မှုဇုန်နဲ့​ မြန်မာနိုင်ငံသ​င်္ဘောသား​များ​ အဖွဲ့​ချုပ်တို့​ ဖြစ်ပါတယ်။

အခုဖွဲ့​စည်း​ခွင့်​ပြုလိုက်တဲ့​ အလုပ်သမား​အဖွဲ့​တွေ ​ပေါင်း​စုပြီး​ အလုပ်သမား​အခွင့်​အ​ရေး​နဲ့​ ရပိုင်ခွင့်​တွေရရှိဖို့​ ဆက်လက် လုပ်​ဆောင်သွား​မယ့်​အ​ကြောင်း​လည်း​ တိုင်ရီအလုပ်သမား​အဖွဲ့​ဥက္ကဋ္ဌ ​ဒေါ်မိုး​ဝေက ​ပြောပါတယ်။

“လွတ်လပ်စွာဖွဲ့​စည်း​ခွင့်​တော့​ပေး​လိုက်တယ်။ ဒီအဖွဲ့​အစည်း​ရဲ့​ လုပ်ပိုင်ခွင့်​တွေနဲ့​ ပတ်သက်ပြီး​တော့​ တား​ဆီး​ပိတ်ပင်ထား​တဲ့​ အကန့်​အသတ်​တွေက များ​နေတယ်။ အဲဒီ​တော့​ ကျမတို့​အ​နေနဲ့​ အဖွဲ့​အစည်း​တွေ အများ​ကြီး​ ညီညွတ်​အောင် ဖွဲ့​စည်း​ဖို့​ ကြိုး​စား​မယ်။ ဒီအဖွဲ့​အစည်း​တွေ အား​လုံး​ပေါင်း​ပြီး​မှ အဖွဲ့​အစည်း​တွေရဲ့​ လုပ်ပိုင်ခွင့်​ဆိုတာကို ရရှိလာ​အောင် အရင်ကြိုး​စား​သင့်​တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013