DVB Logo
Home
မြန်မာသတင်း
ကရင်​ဒေသတွင် အရည်​အ​သွေးကောင်း ရော်ဘာများ ပိုမိုထုတ်လုပ်​ရန် တိုက်တွန်း
DVB
·
December 27, 2017
ကရင်​ဒေသတွင် အရည်​အ​သွေးကောင်း ရော်ဘာများ ပိုမိုထုတ်လုပ်​ရန် တိုက်တွန်း
Donate to DVB

အစိုးရက ကူညီထောက်ပံ့ပေးအပ်တဲ့ ရင်းနှီးမှု ချေးငွေတွေနဲ့ ရော်ဘာကို အရည်​အ​သွေး ကောင်းမွန်ပြီး ပိုမိုထွက်ရှိအောင်ထုတ်လုပ်ကြဖို့ ကရင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက တိုက်တွန်းပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်က ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရဲသူရခန်းမမှာ ပြုလုပ်တဲ့ လယ်ယာကဏ္ဍဆိုင်ရာ ချေးငွေရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ရော်ဘာ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို တိုက်တွန်း ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက “ပိုက်ဆံတွေရလာရင် စနစ်တကျနဲ့ သေသေချာချာ တိုးပွားအောင် အတိုးလောက်ပဲ အမြတ်ရအောင်လုပ်လို့ မရဘူး။ အခုကတည်းက ရပြီးဆိုတာနဲ့ အကျိုးရှိရှိ ကိုယ့် အစီအမံလေးနဲ့ လုပ်ဖို့တော့ လိုပါတယ်။ ကျနော် ပြောသလို သတိထားရမှာက တဖက်နိုင်ငံက ကုန်ပစ္စည်းတွေကို ကျော်နိုင်အောင် လုပ်ရမယ်ဆိုတဲ့ အသိစိတ်ရှိဖို့လိုမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

ရော်ဘာစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအနေနဲ့ နှစ်ရှည် ရင်းနှီးမြှုပ်နှံရတာဖြစ်တဲ့အတွက် အာမခံပြီး လုံလောက်တဲ့ ထောက်ပံ့မှုတွေကို လိုအပ်နေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ ဦးအောင်မြင့်က ပြောပါတယ်။

“အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျနော်တို့ ဈေးကွက် သေချာစေရေး ဖြစ်တယ်။ ကျနော်တို့ဆီမှ အာမခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံနိုင်မှု အရင်းအနှီးလုံလောက်တဲ့ အခြေခံကိုလည်းပဲ အထိုက်အလျောက် ထောက်ပံ့နိုင်တဲ့ ထောက်ပံ့မှု မျှော်လင့်လိုလားပါတယ်” လို့ ပြောပါတယ်။

ရော်ဘာတောင်သူတွေ့ရဲ့ လိုအပ်နေတဲ့ ချေးငွေတွေကို နိုင်ငံတော်က ထုတ်ချေးပေးနိုင်အောင် ချေးငွေအမျိုးအစားနဲ့ ချေးငွေကာလ အတိုင်းအတာတွေကို အစိုးရကို တင်ပြပေးသွားမယ်လို့ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောပါတယ်။

“တောင်သူတွေရဲ့အသံကို ပြန်လည်နားထောင်ပြီးတော့မှ စိစစ်ပြီး တဧက ဆိုရင်လည်း ဘယ်လောက်နှုန်းထားနဲ့ သင့်တော်လည်းပေါ့နော်။ ဒီလိုဟာမျိုးတွေပေါ့။ နောက်တခုက သူ့ လုပ်မယ့်လုပ်ငန်းပမာဏ အလိုက်ပေါ့။ သူ့ရဲ့ ရော်ဘာက မှိုင်းခံစက်ရုံ ဆောက်မှာလား။ ရောဘာကြိတ်စက်တွေ ဝယ်မှာလား။ အဲလိုမျိုးပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ချေးငွေကတော့ နိုင်ငံတော်အစိုးရကို အဆိုပြုပြီးတော့ တင်ပြမှာ” လို့ ပြောပါတယ်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရော်ဘာစိုက် တောင်သူတွေ လိုအပ်နေတဲ့ အရင်းအနှီးချေးငွေကို နိုင်ငံတော်မှ ချေးယူနိုင်ရေး၊ ရော်ဘာဈေးကွက် အာမခံရရှိရေး၊ အရည်အသွေးကောင်းမွန်တဲ့ ရော်ဘာတွေ ပိုမိုထုတ်လုပ်နိုင်​​ရေး၊ အာဆီယံ ကုန်သွယ်မှုနဲ့ ပြည်ပနိုင်ငံတွေကို အရည်အသွေးမီ ရော်ဘာတွေ ပိုမိုတင်ပို့နိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်တာပါ။

ဆွေးနွေးပွဲကို ကရင်ပြည်နယ်အတွင်း ရောဘာစိုက်ပျိုးထုတ်​လုပ်​တဲ့ ​တောင်​သူ​တွေ တက်​​ရောက်​ခဲ့ပြီ ​ချေး​ငွေကို မြန်မာ့စီးပွားရေးဘဏ်ကနေ လယ်ယာကဏ္ဍ ခေါင်းစဉ်နဲ့ တနှစ်ကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးငွေရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုး ဧက ၂ သိန်း ၆ သောင်းကျော်၊ ဘားအံမြို့နယ်မှာ ရော်ဘာစိုက်ပျိုး ဧက ၅ သောင်းကျော်ရှိပါတယ်။  ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ကရင်ပြည်နယ်ဟာ မွန်ပြည်နယ်ပြီးရင် ဒုတိယအများဆုံး ​ရော်ဘာစိုက်ပျိုးတဲ့ ပြည်နယ် ဖြစ်ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013