DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ၁၂ ဆင့်ထပ်တိုးတက်လာ
DVB
·
December 27, 2017
မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ၁၂ ဆင့်ထပ်တိုးတက်လာ
Donate to DVB

 

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၂ ဆင့် ထပ်တိုးတက်လာတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ထုတ်ပြန်ချက်အရ သိရပါတယ်။

ကမ္ဘာတ၀န်း သတင်းလွတ်လပ်ခွင့်အခြေအနေကို RSF အဖွဲ့ကနှစ်စဉ် စောင့်ကြည့်ထုတ်ပြန်တဲ့ ၂၀၁၇ သတင်းလွတ်လပ်ခွင့်ညွန်းကိန်းမှာ မြန်မာက နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၁ မှာ ရပ်တည်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ နှစ်ကတော့ မြန်မာနိုင်ငံက အဆင့် ၁၄၃  ရှိရာကနေ အဆင့် ၁၂ ဆင့်ထပ်တိုးလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ဖမ်းထားတဲ့ သတင်းသမားတွေ ကို ပြန်လွှတ်ပေးတာတွေနဲ့ အရေးပေါ်စီမံမှုဥပဒေကို ပြန်ရုပ်သိမ်းတာတွေရှိပေမယ့် တပ်မတော်အရာရှိတွေနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ပတ်သက်ပြီး သတင်းသမားတွေဟာ ကိုယ်ဖာသာကိုယ် ဆင်ဆာဖြတ်တောက်မှုတွေရှိနေသေးတယ်လို့  RSF ကဆိုပါတယ်။

အန်အယ်လ်ဒီရွေးကောက်ပွဲအနိုင်ရပြီးနောက် မြန်မာသတင်းသမားတွေဟာ  အစိုးရနဲ့ စစ်တပ်ကို ဝေဖန်တဲ့အတွက် ဖမ်းဆီးအကျဉ်းချခံရမှာကို စိုးရိမ်ကြောက်ရွံစရာမလိုတော့ဘူးလို့ မျှော်လင့်ခဲ့ကြပေမယ့် ကံမကောင်းလှစွာနဲ့ဘဲ မီဒီယာလွတ်လပ်ခွင့်ဟာ အစိုးရသစ်ရဲ့ ဦးစားပေးလုပ်ငန်းတွေထဲမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေဟာ မီဒီယာအပေါ် ဖိနှိပ်ဖို့ ကြိုးစားမှုတွေဆက်ရှိနေတယ်၊ အယ်ဒီတာမူဝါဒတွေပြောင်းလဲအောင် တိုက်ရိုက်စွက်ဖက်မှုတွေရှိတောင်ရှိနေတယ်၊ ရခိုင်ပြည်နယ်အရေး လွတ်လပ်စွာသတင်းယူခွင့် ကန့်သတ်မှုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးခွဲခြားမှု သဘောထားတွေ ကျယ်ကျယ်ပျံပျံရှိနေတယ်လို့လည်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောပါတယ်။

ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့်အမြင့်ဆုံး ၅နိုင်ငံကတော့ နော်ဝေ၊ဆွီဒင်၊ ဖင်လန်၊ဒိန်းမတ်နဲ့ နယ်သာလန်တို့ ဖြစ်ပြီး သတင်းလွတ်လပ်ခွင့် အနိမ့်ဆုံး အောက်ဆုံး ၅ နိုင်ငံကတော့ မြောက်ကိုရီးယား၊ အီရီထရီးယား၊ တတ်ခ်မင်စ္စတန်၊ဆီးရီးယားနဲ့ တရုတ်နိုင်ငံတို့ဖြစ်ပါတယ်။  

အာဆီယံနိုင်ငံတွေထဲမှာ အရှေ့တီမောက အဆင့် ၉၈ ၊ အင်ဒိုနီးရှားက ၁၂၄၊ ဖိလစ်ပိုင်က ၁၂၇ နဲ့ မြန်မာရဲ့ အထက်မှာရှိနေပြီး ကမ္ဘောဒီးယားက အဆင့် ၁၃၂၊ ထိုင်းက ၁၄၂၊ မလေးရှားက ၁၄၄၊ စင်ကာပူက ၁၅၁ ၊ ဘရူနိုင်းက ၁၅၆ ၊ လာအိုက ၁၇၀၊ ဗီယက်နမ်က ၁၇၅ နဲ့ မြန်မာနိုင်ငံရဲ့ အောက်မှာ အသီးသီးရပ်တည်နေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013