DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် နှစ်ဦးကို ချက်ချင်းပြန်လွှတ်ပေးရန် ပြည်မြို့တွင် ဆန္ဒပြ
DVB
·
December 27, 2017
ရိုက်တာသတင်းထောက် နှစ်ဦးကို ချက်ချင်းပြန်လွှတ်ပေးရန် ပြည်မြို့တွင် ဆန္ဒပြ
Donate to DVB

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုမိုးအောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့   ပဲခူးတိုင်း၊ ပြည်မြို့မှာ ဒေသခံ သတင်းသမားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဒီကနေ့မနက် ပူးပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန် ထောက်ကြန့်မှာ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃ နဲ့ ရိုက်တာသတင်းထောက် ၂ ဦးဖမ်းဆီးထားခံရမှုအပေါ်ကန့်ကွက်တဲ့အနေနဲ့  အနက်ရောင်ကမ်းပိန်း ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ စတဲ့ဒေသတွေက သတင်းသမားတွေလည်း ပူပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ မြေလတ်သတင်းသမားများကွန်ရက် အတွင်းရေးမှူး ကိုကောင်မြတ်မင်းက “ပြည်သူ ရွေးကောက်တင်မြှောက်တဲ့ အစိုးရလက်ထက်မှ ကျနော်တို့ သတင်းသမားတွေဟာ အခြေခံလူ့အခွင့်အရေးတောင် မရရှိတဲ့ အခြေအနေမျိုးမှာ ကြုံတွေ့နေရပါတယ်။ သူတို့ကို ဘယ်မှာ ဖမ်းထားတယ်ဆိုတာလည်း သိခွင့်မရ၊ မိသားစုဝင်တွေနဲ့ပါ တွေ့ခွင့်မပေးတာဟာ ဒီမိုကရေစီအစိုးရတရပ်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်ပါဘူး။ ဒီနှစ်ထဲမှာ ကျနော်တို့ သတင်းသမားတွေကို အရင်က မစွဲဖူးတဲ့ ပုဒ်မတွေနဲ့ တရားစွဲခံနေရပါတယ်။ ပထမတခါတုန်းကလည်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ သတင်းထောက်တွေကို ဖမ်းတယ်။ အခုတခေါက်လည်း ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရက တဖက်သတ် ဖိနှိပ်ဖို့ ရေးဆွဲခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထပ်ဖမ်းတယ်။ နိုင်ငံတကာက ရခိုင်အရေးနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ စွပ်စွဲနေချိန်မှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကမ္ဘာက သံသယပိုဖြစ်လာအောင် သတင်းထောက်တွေကို တမင်များ ဖမ်းပြသလားလို့တောင် ထင်မိတယ်။ အခုဖမ်းဆီးခံရတဲ့ ရိုက်တာသတင်းဌာနက သတင်းသမား ၂ ယောက်ဖြစ်တဲ့ ကိုဝလုံး၊ ကိုကျော်စိုးဦးတို့နဲ့ အတူရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုဆန္ဒပြရခြင်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ သတင်းသမားတွေအပေါ် တရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုအထိ ရှိနေပြီး သတင်းသမား ၃၃ ဦး တရားရင်ဆိုင်နေရပါတယ်။ အစိုးရသစ် တက်လာပြီး ၂ဝ၁၆ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ ၉ လအတွင်း တရားစွဲဆိုခံရမှု ၆ မှုရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်မှာ ၁၃ မှုအထိ ရှိနေပါတယ်။

ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံရမှုမှာ အများဆုံးဖြစ်ပြီး မတရားအသင်းဥပဒေ၊ လေကြောင်းပျံသန်းမှုဥပဒေ၊ ပို့ကုန်/သွင်းကုန်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ နိုင်ငံတော်အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ၊ အသ​ရေဖျက်​မှု ပုဒ်​မ ၅ဝဝ၊ မီဒီယာဥပ​ဒေတို့နဲ့လည်း တရားစွဲဆိုတာတွေ ရှိနေပါတယ်။

ရိုက်တာသတင်းထောက်တွေ ဖမ်းဆီးထားမှုနဲ့ပတ်သက်ပြီး ပြည်မြို့မှာ သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပထမဆုံးအကြိမ် လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပါ။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013