DVB Logo
Home
မြန်မာသတင်း
မြန်မာ့မြစ်ချောင်းအင်းအိုင်များတွင် ပျံ့နှံ့နေသည့် စုပ်ခွက်ငါးများကို ရှင်းလင်းရန်လိုအပ်
DVB
·
December 27, 2017
မြန်မာ့မြစ်ချောင်းအင်းအိုင်များတွင် ပျံ့နှံ့နေသည့် စုပ်ခွက်ငါးများကို ရှင်းလင်းရန်လိုအပ်
Donate to DVB

ငါးမွေးမြူရေးလုပ်ငန်းကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေတဲ့ ပေါက်ဖွားနှုန်းကောင်းတဲ့ စုပ်ခွက်ငါး (Suckerfish) တွေကို ရှင်းလင်းဖို့ အရေးတကြီးလိုနေပြီလို့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်း တာဝန်ရှိသူနဲ့ မွေးမြူရေး လုပ်ကိုင်သူတွေက ပြောပါတယ်။

အလှမွေးငါးအဖြစ် ပြည်တွင်းကို ရောက်လာတဲ့ စုပ်ခွက်ငါးမျိုးစိတ်တွေဟာ  အကောင်ကြီး ဖြစ်လာပြီး  မွေးမြူသူတွေက စွန့်ပစ်ခဲ့ကြရာက  အခုဆိုရင် မြစ်ချောင်း အင်းအိုင်တွေထဲကို ရောက်နေပြီး ရန်ကုန်တိုင်း၊  ပဲခူးတိုင်း၊ မိုးယွန်းကြီးအင်းနဲ့ ရှမ်းပြည်နယ် အင်းလေးကန်ထဲကိုပါ ရောက်နေပြီလို့ သိရပါတယ်။

နာဂစ်မုန်တိုင်း ပြီးခါစက မွေးမြူရေးကန်တွေထဲမှာ စတွေ့ခဲ့တာ ဖြစ်ပြီး အခုတော့ မွေးမြူရေးလုပ်ငန်းကို တော်တော်အနှောင့်အယှက်ပေးနေပြီလို့ တွံတေးမြို့နယ်က ငါးကန်လုပ်ငန်းရှင် ဦးလှဝင်းက ပြောပါတယ်။

“အဲဒီတုန်းကတော့ တကောင်စ၊ နှစ်ကောင်စပေါ့။ အခုတော့ ဧက ၄၀ ကန်တကန်မှာ ကုန်ချိန် ၂ ထောင်လောက်၊ အကောင်ရေ ၄ ထောင်လောက် တွေ့နေရတယ်။ သူက ရေသွင်းတဲ့အချိန်မှာ ပါလာတာ။ ဆေးချပြီး ရှင်းပေမယ့် ရှိနေတုန်းပဲ။”

ဒီငါးတွေက မွေးထားတဲ့ ငါးအတွက် အစာတွေကို စားတာကြောင့် ငါးပိဿာချိန် အထွက်နည်းသလို သူ့ကြောင့် မွေးငါးတွေ ဒဏ်ရာရတာလည်း ရှိတယ်လို့ ဦးလှဝင်းက ပြောပါတယ်။ ပြီးတော့ အသားစားငါးတမျိုးဖြစ်တဲ့ အာဖရိက ငါးခူတောင်မှ စုပ်ခွက်ငါးကို မစားဘူးလို့ သူက ဆိုပါတယ်။

“လူတွေ ချက်စားကြည့်တော့လည်း ကိုယ်ပေါ်မှာ အကွက်တွေ ဖြစ်လာတယ်။ ရောဂါတွေ ပြန်ပေါ်လာတယ်။”

စုပ်ခွက်ငါးတွေကြောင့် တပိုင်တနိုင် ငါးမွေးသူတွေ အရှုံးပေါ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စုပ်ခွက်ငါးမှာ မျိုးစိတ် ၇၀ လောက်ရှိပြီး ဒေသအခေါ်ကတော့ ငါးကျောက်ဖား၊ မြွေပွေးငါးခူ စသဖြင့် ခေါ်ဝေါ်ကြပါတယ်။

ဇီဝမျိုးစုံမျိုးကွဲနဲ့သဘာဝထိန်းသိမ်းရေးအသင်း (BANCA) က အစီအစဉ်အရာရှိ ဦးသော်ဖြိုးရွှေက “ဒီငါးက မြစ်ချောင်းတွေထဲကို ရောက်ပြီး ရွှံ့နွံတွေထဲမှာ မျိုးပွားတာဆိုတော့ အားလုံးကို လိုက်ရှာပြီး ရှင်းလင်းနိုင်မှရမယ်။ နွံထဲမှာလည်း အသက်ရှင်တယ်။ လျှပ်စစ်နဲ့ ရှော့ခ်တိုက်တာကိုလည်း တော်တော်ခံနိုင်တော့ အဲဒီနည်းကလည်း သိပ်အဆင်မပြေဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ပဲခူးတိုင်းထဲမှာလည်း ဒီငါးတွေ ရောက်နေပြီလို့ ကြားရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ခရုပန်းရောင်တွေ၊ မွေးမြူရေး လိပ်ပါးနီတွေကလည်း မြစ်ချောင်းတွေထဲအထိ ပျံ့နှံ့နေတာက ရေနေ မျိုးရင်းသတ္တဝါတွေအတွက် အန္တရာယ်ရှိတယ်လို့ ဦးသော်ဖြိုးရွှေက ပြောပါတယ်။

“ခရုတွေက လယ်ကွင်း၊ မြစ်ချောင်းတွေထဲမှာ တော်တော်ပျံ့နေပြီ။ သူက ကြာတွေ၊ မှော်တွေကို စားတယ်။ နောက် လိပ်ပါးနီလို့ ခေါ်တဲ့ လိပ်အစိမ်းလေးတွေ။ သူကတော့ အလှမွေးတာကနေ ချောင်းတွေထဲကို ရောက်လာတာ။ သူကလည်း တခြားအကောင်တွေကို လိုက်ကိုက်တယ်။”

ဒီလို နိုင်ငံခြားက ဝင်လာတဲ့ မျိုးစိတ်တွေနဲ့ပတ်သက်ပြီး တိတိကျကျ ထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ-BANCA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013