DVB Logo
Home
မြန်မာသတင်း
ကနေဒါရဲ့ စီးပွားရေးပိတ်ဆို့ မှု ရပ်ဆိုင်း
DVB
·
April 25, 2012
ကနေဒါရဲ့ စီးပွားရေးပိတ်ဆို့ မှု ရပ်ဆိုင်း
Donate to DVB

ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံရဲ့  အပြောင်းအလဲတွေကို ထောက်ခံ အားပေးကြောင်း ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားမှုတချို့ကို ဆိုင်းငံ့ထားလိုက်ကြောင်း ကနေဒါနိုင်ငံခြားရေးဌာနက မနေ့က ကြေညာပါတယ်။

[caption id="attachment_24521" align="alignleft" width="300" caption=" မစ္စတာ ဂျွန်ဘာ့ရ်ဒ်"][/caption]

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ရ်ဒ်က “မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကို ကနေဒါနိုင်ငံဟာ အားတက်မိပါတယ်။ ဒါပေမယ့် လုပ်စရာတွေ အများကြီးရှိသေးတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး ကြွယ်ဝချမ်းသာတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ တည်ဆောက်ရာမှာ ကနေဒါဟာ မြန်မာကို အကူညီပေးဖို့ အသင့်ရှိနေပါတယ်။ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လျှော့ပေးလိုက်တာကနေ မြန်မာပြည်သူတွေအတွက် အလုပ်အကိုင်၊ မျှော်လင့်ချက်တွေနဲ့ အခွင့်အလမ်းတွေလည်း ဖန်တီးပေးရာ ရောက်မယ်လို့” ကြေညာချက်မှာ ပြောပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှု ရပ်ဆိုင်းမှုဟာ ဧပြီ ၂၄ ရက်နေ့မှာ ချက်ချင်းစတင် အသက်ဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ကနေဒါအကြား ကုန်ပစ္စည်း တင်သွင်းတင်ပို့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တားမြစ်ထားတာ အတော်များများကို ရုပ်သိမ်းပေးထားပါတယ်။

ဒါပေမယ့် လက်နက်အရောင်းအ၀ယ် ပိတ်ဆို့မှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်တဲ့ ငွေကြေးနဲ့ နည်းပညာ အကူအညီပေးမှုတွေကိုတော့ မပေးဘဲ ဆက်ပြီး တားမြစ်ထားပါတယ်။

မြန်မာအစိုးရထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့  အပေါင်းပါတွေရဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ထားတာနဲ့  ပြည်ဝင်ခွင့်တားမြစ်ပိတ်ပင်ထားတဲ့ စာရင်းကတော့ လာမယ့် သီတင်းပတ်တွေမှာ ပြန်လည်စိစစ်ဖို့ ရှိနေပါတယ်။

ကနေဒါနိုင်ငံဟာ  ပြီးခဲ့တဲ့ တနှစ်ကျော်ကာလမှာ မြန်မာနိုင်ငံရဲ့ ဖွံ ဖြိုးတိုးတက်မှုတွေကို အနည်းကပ် စောင့်ကြည့်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်  ပြီးခဲ့တဲ့မတ်လက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်စဉ်မှာ တိုး တက်မှုတွေအတော်များများ ကိုယ်တိုင်မြင်တွေ့ ခဲ့ရတယ်လို့  နိုင်ငံခြားရေးဌာန ကဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာမှု၊ တိုင်းရင်းသားလူနည်းစုတွေနဲ့  အပစ်အခတ်ရပ်စဲမှုနဲ့ ကြားဖြတ်ရွေးကာက်ပွဲကို ချောမွေ့အောင်မြင်အောင် ကျင်းပနိုင်မှုတွေကို ကနေဒါက ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ တိုင်းရင်းသားဒေသတွေအားလုံးမှာ  ပဋိပက္ခတွေ ရပ်ဖို့ အပါအ၀င် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့  မြန်မာအစိုးရကို တောင်းဆိုပါတယ်။

ကနေဒါနိုင်ငံအနေနဲ့  အပြောင်းအလဲတွေထပ်လုပ်ဖို့နဲ့  မြန်မာပြည်ရဲ့ဖွံ့ ဖြိုးတိုးတက်မှုတွေကို ဆက်ပြီး စောင့်ကြည့်နေမယ့်အကြောင်း  ခုအပြောင်းအလဲတွေဟာ အကောင်းဘက်ကို ဦးတည်နေတဲ့အကြောင်းနဲ့  ဒါပေမယ့် အခြေအနေတွေ ပျက်ယွင်းသွားရင်တော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်လုပ်ဖို့ အသင့်ရှိတယ်လို့ ကနေဒါနိုင်ငံက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံပေါ် ဥရောပသမဂ္ဂ (အီးယူ) က  ပိတ်ဆို့ဒဏ်ခတ်မှုတွေ ၁ နှစ် ဆိုင်းငံ့လိုက်ပြီး နောက်တနေ့မှာပဲ ကနေဒါက အလားတူ ဆောင်ရွက်ခဲ့တာပါ။

ကနေဒါဟာ  မြန်မာစစ်အစိုးရရဲ့  ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပေါ် အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်  ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့၊  ငွေကြေးနဲ့ နည်းပညာတွေမပေးဖို့နဲ့   မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို နိုင်ငံတွင်း ၀င်ခွင့် မပေးဘဲပိတ်ပင်မှုတွေ ဆယ်စုနှစ်နဲ့ချီ ပြုလုပ်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013