DVB Logo
Home
မြန်မာသတင်း
ကရင်နီတပ်ဖွဲ့ဝင်များ အသတ်ခံရမှု စုံစမ်းစစ်ဆေးရန် ယူအန်အက်ဖ်စီ တောင်းဆို
DVB
·
December 26, 2017
ကရင်နီတပ်ဖွဲ့ဝင်များ အသတ်ခံရမှု စုံစမ်းစစ်ဆေးရန် ယူအန်အက်ဖ်စီ တောင်းဆို
Donate to DVB

ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အသတ်ခံရမှုကို  စုံစမ်းစစ်ဆေးပြီး  တရားမျှတမှု ပေါ်ပေါက်ရေး တပ်မတော်က အမြန်ဆုံး လုပ်ဆောင်ပေးဖို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။

အပစ်မရပ် ယူအန်အက်ဖ်စီတပ်ပေါင်းစုရဲ့ ဒီဇင်ဘာ ၂၆ရက် ကြေညာချက်မှာ တောင်းဆိုလိုက်တာဖြစ်ပြီး အခု သတ်ဖြတ်မှုကြောင့်  ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းကို နှောင့်နှေး ကြန့်ကြာစေနိုင်တယ်လို့လည်း ပြောပါတယ်။

ယူအန်အက်ဖ်စီရဲ့ ကြေညာချက်ထဲမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က အခင်းဖြစ်ပွားပုံကို အသေးစိတ် ဖော်ပြထားပြီး တပ်မတော်က   KNPP ကရင်နီတပ်ဖွဲ့ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာဆိုပြီး ခုလိုဖော်ပြထားပါတယ်။

“(ဒကစ)လက်အောက်ခံ ခလရ (၅၄) တပ်ဖွဲ့သည် ညပိုင်းတွင် KNPP ယာယီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းခဲ့သည်။ ဖြစ်စဉ်အတွင်း KNPP တပ်ဖွဲ့ဝင်များမှ ခုခံခြင်း မပြုဘဲ လက်ခံတွေ့ဆုံညှိနှိုင်းသော်လည်း အစိုးရတပ်မတော်မှ အင်အားသုံးစီးနင်းကာ မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၍ လူမဆန်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ KNPP ၏ တာဝန်ရှိသူများက (ဒကစ)မှ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းရာ ရုပ်အလောင်းများအား အစိုးရ တပ်မတော်မှ မီးသဂြုင်္ိဟ်ခဲ့သည်ကို အတည်ပြု၍ (၂၁-၁၂-၂၀၁၇) ရက်နေ့တွင် ၎င်းတို့၏ အရိုးအိုးများကို KNPP ၏ တာဝန်ရှိသူများထံ လွှဲအပ်ပေးခဲ့ကြောင်း သိရှိရပါသည်။”

အဆိုပါ ဖြစ်စဉ်မှာ KNPP  တပ်ဖွဲ့ဝင် ၃  ဦးနဲ့  အရပ်သား ၁ ဦးတို့ အသတ်ခံခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။

ယူအန်အက်ဖ်စီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော်က နှစ်ဖက် အပြန်အလှန် စွပ်စွဲချက်တွေနဲ့ အခြေအနေ ပိုရှုပ်ထွေးကုန်မှာစိုးလို့ အခုလို တောင်းဆိုရတာလို့ ပြောပါတယ်။

“ဒကစလွိုင်ကော်ရဲ့ စာမျက်နှာ လေးမျက်နှာ အချက် ၈ ချက်ပါတဲ့ ထုတ်ပြန်ချက်ကို တွေ့ပါတယ်။ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲပြစ်တင်နေလို့လည်း ဘာမှမထူးဘူး။ စွပ်စွဲပြစ်တင်နေရင် အဖြေမရဘူး။ အဖြေမရရင် အဖုအထစ် ဖြစ်လာမယ်။ အဖုအထစ်ဖြစ်လာရင် ရှေ့ဆက်သွားဖို့ အဆင်မချောတော့ဘူး။ အဲဒါကြောင့် ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးရေး လုပ်ပြီးတော့ တရားမျှတမှုကို ဖော်ဆောင်ဖို့ လိုအပ်ပါတယ်”

KNPP ယာယီစစ်ဆေးရေးဂိတ်ကို  ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ  KNPP ရဲ့ လွိုင်ကော်မြို့နယ် တပ်ဖွဲ့အနေနဲ့  လိုအပ်သလို စစ်ဆေးနိုင်ဖို့ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဟာ   အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်ပြီး လက်ရှိမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။

Photo : UNFC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013