DVB Logo
Home
Lead Story
မရဘဲ နာနေရ၊ ကျောက်စိမ်း ရတနာမြေ ဘဝ
DVB
·
December 26, 2017
မရဘဲ နာနေရ၊ ကျောက်စိမ်း ရတနာမြေ ဘဝ
1 / 14
Donate to DVB

ချောက်ကမ်းပါးကနေ ပေ ၄၀ကျော်အကွာက မူကြိုကျောင်းလေး။ အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ် သုံးကျိပ်လောက်ဟာ ပေပေါင်း ၅၀၀ ကျော်နက်တဲ့ မြေအစွန်းပိုင်းက ခြေတံတို ပျဉ်ထောင်အဆောက်ဦတခုမှာ အကာရန်မရှိ ကျောင်းနေ ကလေးဘဝကို ဖြတ်သန်းနေတာပါ။

"အစက ဝန်းခတ်ထားတယ်။ နောက်ပိုင်း မြေစာဖို့တယ်ဆိုတော့ ဝန်းမခတ်ထားဘူးလေ။ အခု အောက်ကို ဆင်းမဆော့ခိုင်းဘူး။ သေးပေါက်သွားရင် မှာထားတယ်။ ဟိုဘက်ကို မကျော်ရဘူး။ ကျော်ရင်ရိုက်မယ်လို့ နည်းနည်းပါးပါး ခြောက်ထားရတယ်" လို့ အစိုးရက ဖွင့်လှစ်ထားတဲ့ ဟင်းတင့်ရွာ မူကြိုကျောင်းဆရာမက ပြောပါတယ်။

ချောက်ကမ်းပါးအစွန်းပေါ်ကကြည့်ရင် ဝါဖန့်ဖန့်စမ်းချောင်းနားမှာ မြေသယ်ယာဉ်တွေက ဥဒဟို ဘယ်ညာ ဟိုဒီ သွားလာနေပါတယ်။ တောင်တွေကို ဟင်းရည်ပန်းကန်လုံးလို တူးဖော်ထားသလို သစ်ပင်ကင်းစင်တောင်ကို လှမ်းမြင်ရမှာ ဖြစ်ပါတယ်။

ဒါတွေဟာ လုံးခင်း-ဖားကန့် ရတနာနယ်မြေက ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေပါ။ ဒီလိုမြင်ကွင်းကို မျက်စောင်းထိုးကြည့်မလွဲ တွေ့နိုင်တာပါ။

ဖားကန့်မြို့နယ်နေ ကိုမိုးထက်က "ချောင်းတွေမှာ မြေစာပုံတွေ စွန့်ပစ်ကြတာ။ ချောင်းကြမ်းပြင်က မြင့်တက်လာတယ်။ မိုးရာသီဆိုရင် ရပ်ကွက်တချို့ ရေနစ်ကုန်ပြီ။ အဲ့လိုနဲ့ ကုန်းမြင့်တွေပေါ်ပြောင်းရင်း ချောက်ကမ်းပါးစွန်းပေါ်မှာ တည်ရှိနေတဲ့ အခြေခံပညာကျောင်းတွေ၊ လူနေရပ်ကွက်တွေ တနေ့တခြား များပြားလာပြီ" လို့ ပြောပါတယ်။

လုပ်ကွက်တချို့ဟာ ဥရုချောင်းကိုဖြတ်ကျော်ပြီး မြေစာပစ် ယာယီတံတားတွေ ပြုလုပ်ပြီး စွန့်ပစ်ကြပါတယ်။ ချောင်းတွင်း ကျောက်တုံးကြီးတွေချပြီး အကြီးအသေးအလိုက် ရေထွက်ပေါက်ချန်ကာ ဆည်တမံလို တံတားတွေဖြစ်ပါတယ်။ ချောင်းရေပိတ် ယာယီချောင်းကူးတံတားတွေကြောင့် သီးနှံစိုက်ခင်း ရေနစ်မြုပ်တာနဲ့ ရပ်ကွက်ကျေးရွာတွင်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်တာ ၆ နှစ်ရှိပြီလို့ ဒေသခံတွေထံက သိရပါတယ်။

"အရင်က ချောင်းထဲဆင်းဖို့ လှေကားထောင်ဆင်းရတယ်။ အခု ချောင်းနဲ့စိုက်ခင်းက တညီတည်းဖြစ်နေတော့ စိုက်ခင်းထဲ ရေဝင်ရင် တော်တော်နဲ့မကျဘူး။ နုံးတင်လေ ပိုဆိုးလေ။ ထယ်တောင် အထိုးရခက်တယ်ကွယ်" လို့ ဥရုချောင်းရေကို အားထားပြီး မိဘလက်ထက်ကတည်းက ဟင်းသီးဟင်းရွက် စိုက်ပျိုးနေသူ မခမ်းဟွမ်က နှစ်စဉ်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကို ပြောပြပါတယ်။

ဖားကန့်မြို့နယ်မှာ ချောင်းတွေကောလာပါတယ်။ လုံးပတ် ငါးပေပတ်လည် သစ်ပင်တွေလည်း မရှိသလောက် ဖြစ်သွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသရာသီဥတု အပူအအေးပြောင်းလဲတာ မြန်လာသလို ညပိုင်း အေးပြီဆို ၁၀ ဒီဂရီ စင်တီဂရိတ်ထိ ရောက်ပြီး နေ့ခင်း အပူချိန်ပြင်းချိန်မှာ ၄၄ ဒီဂရီ စင်တီဂရိတ်ထိ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။

"ဥရုချောင်းလက်တက် စီးဆင်းမှုက ၂၁ ခုရှိတယ်။ ဒီနေ့အနေထားမှာ ပျက်စီးမှုတွေများလို့ ချောင်းလက်တက် မတွေ့ရသလောက် ဖြစ်သွားပြီ။ သစ်တောပြုန်းတီးမှုကလည်း အများကြီးပဲ" လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Green Land က တာဝန်ခံ ကိုနောင်လတ်က ဖားကန့်ဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေ တွေ့ရှိခဲ့ရတာကို ပြောပြနေတာပါ။

လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေက ကျောက်စိမ်းကြောရှိမယ့် နေရာမှန်သမျှကို စက်ယန္တရားတွေနဲ့ တူးဖော်ကြပါတယ်။ ကျောက်တူးဖော်ရေး ကုမ္ပဏီ အားလုံးနီးပါးက ကျောက်ကြောထွက်ရှိမယ့် မြေနေရာကို ဘူမိဗေဒ သတင်းအချက်အလက် စမ်းသပ်မှု၊ စုဆောင်းမှု အားနည်းတယ်လို့ ပုဂ္ဂလိက ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတခုမှာ တူးဖော်ပြီး ကျောက်စိမ်းတုံးကို သုံးနှစ်ကျော်ကြာ စာရင်းမှတ်ပေးခဲ့သူ ကိုမင်းက ဆိုပါတယ်။

"အကျိုးတူကုမ္ပဏီတွေမှာ ဘူမိဗေဒကျောင်းဆင်းတွေကို နယ်မြေကြီးကြပ် အနီးကပ်ကြီးကြပ် ခန့်ထားတာတွေရှိတယ်။ ဒါပေမယ့် အရင်ခေတ် လက်ကျင်းတွေတူးတဲ့သူဆီက ဘယ်မှော်က အလုံးကြီးထွက်တယ်၊ အကြောထွက်တယ်၊ မှော်ကြောနှံ့စပ်တဲ့သူဆီက အကြံဉာဏ်ယူလုပ်ကြတာ များတယ်။ အရင်လူတွေက အပေါ်ယံပဲ သိတာလေ။ အောက်အနက် မသိတော့ အခုလုပ်ငန်းလုပ်သူတွေက စက်ယန္တရားတွေနဲ့ အကုန်တူးတယ်" လို့ တွေ့ကြုံခဲ့ရတာကို ပြောပြပါတယ်။

ကချင်ပြည်နယ်မှာ ရတနာနယ်မြေကို သုံးပိုင်းခွဲထားပါတယ်။ လုံးခင်း-ဖားကန့် ရတနာနယ်မြေ၊ မော်လူး-မော်ဟန် ရတနာနယ်မြေ၊ နန့်ယားဆိပ်ဒေသ ရတနာနယ်မြေတွေ ဖြစ်ပါတယ်။ ရတနာနယ်မြေ သုံးခုလုံးမှာ လုပ်ကွက်ပေါင်း တသောင်းကျော်ရှိပါတယ်။

၂၀၁၇ မှာ သက်တမ်းတိုးခွင့် မရှိတဲ့အတွက် လက်ရှိမှာ လုပ်ကွက်ပေါင်း ၁၃၀၀ ကျော်က စက်ယန္တရားပေါင်း တသောင်းကျော်နဲ့ တူးဖော်နေကြပါတယ်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေကနေ စွန့်ပစ်မြေစာကို ဖားကန့်မြို့နယ်က ဥရုချောင်းမှာ စွန့်ပစ်တာရှိသလို ကုမ္ပဏီလုပ်ကွက်တွေမှာလည်း ဝန်းခတ်ပြီး မြေစာပုံတွေ ရှိပါတယ်။ တူးဖော်ပြီး ကျောက်မြေစာပုံမှာ ကျောက်စိမ်းအပိုင်းအစတွေ ကျောက်ခဲနဲ့အတူ ကျောက်စိမ်းတုံးတွေကို ရေမဆေးသမားတွေက ရှာကြပါတယ်။

ကျောက်မြေစာပုံကနေ အရည်သွေးကောင်း ကျောက်ကောင်းတွေ ရှာတွေ့ချိန်မှာ ရေမဆေး ကျောက်သမားတွေက ကျပ်သိန်းပေါင်း ဆယ်၊ ရာ၊ ထောင်ဂဏန်း ရတာတွေ ရှိပါတယ်။ မြေစာပုံတွေဟာ ပေ ၄၀၀ ကျော်ထိမြင့်တာတွေရှိလို့ အခန့်မသင့်ချိန် မြေစာပုံပြိုကျချိန်မှာ အသက်သေဆုံးမူတွေ အများအပြား ရှိလာပါတယ်။

"စက်ယန္တရားတွေနဲ့ လုပ်တဲ့ခေတ်မှ လူသေတာ ပိုများလာတာ။ လက်ဝတ် လက်ကျင်း ခေါက်စား လုပ်တဲ့ခေတ်ကဆို ကျင်းကျ ပိတာသေတာ တော်တော်လေး ခပ်ရှားရှားပဲ" လို့ နှစ် ၂၀ လောက် ဖားကန့်မှာ ကျောက်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမောင်မဲက ပြောပါတယ်။

ကျောက်တူးဖော်ရေး မြေစာပုံမှာ အိပ်မက်ကိုယ်စီနဲ့ စားဝတ်နေရေး ဖြေရှင်းနေသူ ရေမဆေးတွေထဲမှာ ကလေးလုပ်သားတွေ အများအပြား လုပ်ကိုင်နေတာကိုလည်း တွေ့နေရပါတယ်။

မန္တလေးမှာ မိဘနှစ်ပါးရှိပေမယ့် ဖားကန့်ဒေသမှာ အမတွေနဲ့ အတူနေပြီး ရေမဆေးဘဝကို ဖြတ်သန်းနေတဲ့ အသက် ၁၁ နှအရွယ် မောင်နေမျိုးအောင်က "ကျောက်ဝယ်ပြီး တရုတ်ပို့မယ်။ ကျောင်းမနေချင်ဘူး။ ပညာတတ်ကြီးလည်း မဖြစ်ချင်ဘူး။ ကျောက်ရှာတာပဲ ဝါသနာပါတယ်။ ကျောက်ရှာမှ ပိုက်ဆံရမှာလေ။ သားက လောပန်းလုပ်ချင်တာပဲသိတယ်" လို့ ပဉ္စမတန်းနဲ့ ကျောင်းထွက်ပြီး မြေစာပုံမှာ ကျောက်ကောက်နေရတာကို ပျော်ရွှင်တယ်လို့ ပြောပါတယ်။

ကျောက်တူးဖော်ရေးလုပ်ငန်းကနေ လူမှုဘဝ ထိခိုက်တာတွေ ရှိလာတယ်ဆိုပြီး အရင် တနေ့နှစ်ကြိမ် တူးဖော်ရေးလုပ်ကွက်အတွင်း ရေမဆေးသမားတွေကို ကျောက်ရှာခွင့်ပေးခဲ့ပေမယ့် အခု ညနေပိုင်း ၂ နာရီသာ ခွင့်ပြုပေးထားပါတယ်။

ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက "ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေမှာ ရေမဆေးတွေ ကျူးကျော်ဝင်ရောက် လာရှာတာက ကုမ္ပဏီရော နိုင်ငံတော်ပိုင်းမှာပါ ထွက်ရှိလာတဲ့ ကျောက်အပေါ် ရရှိမယ့် အခွန်ငွေ ဆုံးရှုံးမှုတွေ ဖြစ်စေတယ်။ လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်တယ်" လို့ ဆိုပါတယ်။

ဒေသခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ တူးဖော်နေတဲ့ ကုမ္ပဏီလုပ်ကွက်အတွင်းကို သက်တမ်းကုန်လုပ်ကွက်က စက်ယန္တရားယာဉ်တွေ ဖြည့်တင်းပြီး စည်းကမ်းမဲ့ အလွန်အကျွံ ကျောက်စိမ်းတူးဖော်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှာ မြေသယ်ယာဉ်တစ်စီးက တနေ့ကို ဆီပေပါ ၅ လုံးကုန်တယ်လို့ ယာဉ်မောင်းတဦးက ဆိုပါတယ်။ လက်ရှိ ကျောက်တူးဖော်ရေး လုပ်ကွက်အားလုံးက ယာဉ်အစီးပေါင်း တသောင်းနဲ့ လောင်စာဆီကုန်ကျမှုနှုန်းထားကို တွက်ချက်ရင် လောင်စာဆီအသုံးပြုမှု ၁၆၄ ဆဟာ ဖားကန့်မြို့နယ်ရဲ့ တနှစ်စာ ပညာရေးအသုံးစရိတ် ချပေးထားမှုနဲ့ ညီမျှနေပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝသယံဇာတဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး သုတေတနပြု လေ့လာသုံးသပ်နေတဲ့ Global Witness အဖွဲ့က ၂၀၁၄ ခုနစ်အတွင်း ကျောက်စိမ်းထုတ်လုပ်မှုက ရရှိတဲ့ တန်ဖိုးငွေဟာ ဒေါ်လာ ၃၁ ဘီလီယံကျော်ရှိတယ်လို့ ခန့်မှန်းထားပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ၄၈ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ် ရတနာမြေဟာ စစ်တပ်နဲ့ ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုအကြားမှာ ရှိနေပါတယ်။ ဒေသမှာ ကျောက်စိမ်းလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်နေသူ အများစုဟာ လုပ်ငန်းတခုအောင်မြင်ရင် ၁၀ ရာခိုင်နှုန်းကို အဖွဲ့တခုကို  မဖြစ်မနေ ပေးရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အန်အယ်လ်ဒီဥက္ကဋ္ဌက "ဒီမှာ လိုအပ်တာက တရားဥပဒေစိုးမိုးရေး အဓိကပဲ။ လူတဦးသေရင် ခွေးတကောင်သေသလောက်ပဲ။ လေးလေးနက်နက် ဆောင်ရွက်တာမရှိဘူး။ ပြည်သူပြည်သားများအတွက် လုံခြုံရေးကို အတတ်နိုင်ဆုံး ထည့်သွင်းဆောင်ရွက်ပေးနိုင်ရင် အကောင်းဆုံးပဲ။ နောက်ပြီး မူးယစ်ဆေးရောင်းချတာတွေလည်း လျော့သွားတာ မရှိဘူး" လို့ ဆိုပါတယ်။

ဒီနှစ် နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းဝေးမှာ ကိုယ်စားလှယ် ဦးတင့်စိုးက ဖားကန့်ဒေသ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ လက်ရှိအခြေအနေတွေကို လွှတ်တော်မှာ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်နိုင်ဖို့ လုပ်ကွက်တွေကို ပြည်သူအများ မသိရှိအောင် လက်ရှိအစိုးရ လက်ထက်မတိုင်ခင်က ချပေးတာတွေ ရှိခဲ့ပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီ မြောက်မြားစွာရှိပေမယ့် ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်လို့ အရေးယူတာ မရှိသလောက် ဖြစ်နေပါတယ်။ ဒေသခံ ကျောက်ဝိုင်း အရောင်းအဝယ်လုပ်သူတွေနဲ့ ရေမဆေးသမားတွေကို မလိုရင် မလိုသလို ကျောက်မျက်ဥပဒေ ၄၂(က) နဲ့ အရေးယူခံနေရတာ အချုပ်ခန်းထဲမှာ အများကြီးရှိတယ်လို့ သိရပါတယ်။

"နိုင်ငံရဲ့ချွတ်ခြုံကျနေတဲ့ စီးပွားရေးကို ကျောက်စိမ်းကရတဲ့ငွေက တော်တော့်ကို တွန်းအားဖြစ်စေနိုင်တယ်။ တိုင်းပြည်ကို တိုးတက်စေနိုင်တယ်။ ဒါပေမယ့် အဓိကတာဝန်ရှိတဲ့ ဌာနက အလုပ်မလုပ်လို့ ခက်တယ်။ အခု ကျနော်တို့ ရနေတာက ဆင်ပါးစပ် နှမ်းပက်သလောက်ပဲ ရတာ။ နိုင်ငံကထွက်သွားတာ ဆင်ကောင်လုံးလိုက်ကြီး" လို့ ဒေသခံ လွှတ်တော်အမတ် ဦးတင့်စိုးက ပြောပါတယ်။

နိုင်ငံခြားသားတွေကို ရတနာနယ်မြေ မဝင်ရဘူးလို့ ကန့်သတ်ချက်ရှိပါတယ်။ ဒါပေမယ့် ကျောက်တူးဖော်ရေး ကုမ္ပဏီတွေမှာ စက်ယန္တရားတွေ ပြင်ဆင်ပေးနေတဲ့ တရုတ်နိုင်ငံသားတွေ ရှိတယ်လို့ ဖားကန့်ဒေသ လဝက အရာရှိတဦးက ပြောပါတယ်။

"သွားရောက်စစ်ရင် ကိုယ်စားလှယ်နဲ့ကို မတွေ့ရဘူး။ အပေါက်စောင့်ကနေ တံခါးဖွင့်မပေးဘူး။ ဖွင့်ပေးမယ်ဆိုရင်တောင် ခဏစောင့်အုံးတို့။ ခဏက နာရီဝက်လောက်ကြာတယ်။ ကုမ္ပဏီခြံဝန်းက ကျယ်တော့ နိုင်ငံခြားသားတယောက်ရှိရင် ကြိုက်တဲ့နေရာမှာ ဖွက်လို့ရသွားပြီ။ ရှောင်တိမ်းချိန် ရသွားပြီ။ ဒီမှာ လုပ်ရကိုင်ရတာ တော်တော်ကြပ်တယ်" လို့ ဆိုပါတယ်။

ဒီနှစ်အတွင်း တူးဖော်ရေးကုမ္ပဏီတခုက တရုတ်နိုင်ငံသားကို ဖမ်းဆီးရမိလို့ အရေးယူနိုင်ခဲ့ပေမယ့် ဒဏ်ငွေ ကျပ် ၁၀ သိန်းနဲ့ အမှုပြီးသွားတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းမှာ ကျောက်မျက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တာဝန်ဝတ္တရားတွေ ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိတာ၊ စူးစမ်းရှာဖွေခြင်းနဲ့ feasibility လိုင်စင်ချထားပေးမှု မရှိတာ၊ အခွန်ကောက်ခံခြင်းနဲ့ တန်ဖိုးဖြတ်ခြင်းဖြစ်စဉ်တွေ မရှင်းလင်းခြင်းနဲ့ အခြားဥပဒေတွေနဲ့ ကိုက်ညီမှုမရှိတာ၊ လက်လုပ်လက်စား ကျောက်တူးသူတွေအတွက် တာဝန်နဲ့ ရပိုင်ခွင့်တွေ မရှင်းလင်းတာ၊ ESIAs, HSE လုပ်ဆောင်မှု ဒီဇိုင်းနဲ့ပတ်သက်တဲ့ ရှင်းလင်းမှုတွေ မရှိတာ၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အားနည်းတာတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ သယံဇာတ စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်းစုံက ကျွမ်းကျင်သူ ၁၅၀ ဦး သုတေသနပြုချက်ကို ပြန်လည်စစ်ဆေးတဲ့ NRGI အဖွဲ့အစည်းရဲ့ နိုင်ငံတော်အစိုးရအပေါ် အကြံပြု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျောက်စိမ်းနယ်မြေရဲ့ မျိုးဆက်သစ် လူချွန်လူကောင်းတွေ မွေးထုတ်ပေးမယ့် အခြေခံကျောင်းတွေမှာ တံခါးပေါက်ကို ကျောက်တုံးခုထားပြီး အတန်းတခုနဲ့တခု ဒိုးယိုပေါက် လှမ်းမြင်ရ၊ ကြားရတဲ့ ကျောင်းဆောင်တွေ ဆရာဦးရေ မလုံလောက်တာနဲ့ အားကစားကွင်း မရှိတာတွေ၊ အရေးပေါ် ကျန်းမာရေးဆေးခန်းတွေ အလုံအလောက် မရှိတာတွေ ဖြစ်ပေါ်နေပါတယ်။

"ပြည်နယ်က ထောက်ပံ့ပေးတာ ဘာတခုမှမရှိဘူး။ လက်ရှိ မူကြိုဆရာမတွေကို ရပ်ရွာက ခန့်အပ်ထားတာ။ အရင် မြန်မာတကောင်းက ရေစင်အသေးလေးလှူတာရှိတယ်။ ရွာကို ရေပေးတဲ့သူက ကုမ္ပဏီမှာ ကားမှောက်လို့သေပြီး ကူညီသူမဲ့သွားတယ်။ နောက်ကုမ္ပဏီတွေက ဘာမှမလုပ်ပေးဘူး" လို့ ဟင်းတင့်ကျေးရွာ ရာအိမ်မှူးက အားမလိုအားမရ လေသံနဲ့ပြောဆိုလိုက်ပါတယ်။

သတင်းဆောင်းပါး - တာရာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013