DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှုရှိ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှု စိုးရိမ်စရာမရှိဟု ဆို
DVB
·
December 26, 2017
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှုရှိ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှု စိုးရိမ်စရာမရှိဟု ဆို
Donate to DVB

 

မြန်မာနိုင်ငံက စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ဖူလုံမှုရှိတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမမှာ ကျင်းပတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များဆိုင်ရာ အသိပညာပေး ဟောပြောပွဲအပြီးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဒီဗွီဘီကို ပြောခဲ့တာပါ။

“ဆရာမတို့နိုင်ငံက စားနပ်ရိက္ခာဖူလုံမှုနဲ့ပတ်သက်ပြီး ဖူလုံမှုရှိပါတယ်။ ဆင်းရဲ ချမ်းသာ ကွာဟမှုရှိနေတဲ့အတွက် အခက်အခဲရှိနေတဲ့ သဘောတရားမျိုးပါ။ ဆိုတော့ လူတိုင်းလူတိုင်း ဆင်းရဲငတ်မွတ်ခေါင်းပါးမှု food security မှာတော့ သိပ်ပြီးတော့ စိုးရိမ်စရာအကြောင်းမရှိတဲ့ အနေအထားမျိုးမှာ ရှိတယ်။”

ဒါပေမယ့် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရပါမယ်၊ ထုတ်လုပ်မှုရယ်၊ စားသုံးမှုရယ်၊ ပို့ကုန်ရယ်ကို ချင့်ချိန်ပြီး ဆောင်ရွက်ရမယ်လို့လည်း ဒေါက်တာဝါဝါမောင်က ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ၄၇ နိုင်ငံမှာလည်း ပါဝင်နေပြီး အာရှအဆင်းရဲဆုံး ၉ နိုင်ငံထဲမှာလည်း တနိုင်ငံအဖြစ် ပါဝင်နေပါတယ်။ ဝင်ငွေအရလည်း လူ ၄ဦးမှာ တစ်ဦးက ၁.၂၅ ဒေါ်လာအောက်ဝင်ငွေသာရှိတယ်လို့ ဆိုပါတယ်။

“နိုင်ငံတွေအနေနဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုတာတော့ အခက်အခဲရှိမယ်။ နိုင်ငံတွေ ရဲ့ ဖွံ့ဖြိုးမှုအတိုင်းအတာတွေက မတူဘူး။ ဖွံ့ဖြိုးမှုမြင့်မားတဲ့ နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဆရာမတို့ နိုင်ငံလို ဖွံ့ဖြိုးမှု တဆင့်နိမ့်ကျတဲ့နိုင်ငံတွေ ရှိမယ်။ မိမိရဲ့ ရည်မှန်းချက်နဲ့ မိမိပေါ့။ အခုလက်ရှိထက် ပိုမိုကောင်းမွန်တိုးတက်ရမယ်ပေါ့။ လုံးဝကြီး ဆင်းရဲနွမ်းပါးမှု ပပျောက်သွားမယ် ဆိုတာ သက်ဆိုင်ရာ လူတွေအပေါ်မှာလည်း မူတည်သေးတယ်။ နောက်ပြီး မူဝါဒအပေါ်တင် မူတည်တာ မဟုတ်ဘူး။ သက်ဆိုင်ရာပုဂ္ဂိုလ်များအနေနဲ့ နိုင်ငံသားများအနေနဲ့ ပါဝင် ဆောင်ရွက်လိုစိတ်၊ သိချင် တတ်ချင်စိတ်၊ ပညာရေး၊ ကျန်းမာရေးတွေမှာ သူတို့အနေနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်လိုစိတ်ကလည်း အများကြီးမူတည်ပါတယ်”လို့ ဒေါက်တာဝါဝါမောင်က ဒီဗွီဘီကိုပြောပါတယ်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်မှာ ပီ ၅လုံးဖြစ်တဲ့ People, Prosperity, Peace, Partnership နှင့် Planet တို့ကို အခြေခံထားတဲ့ အချက် ၁၇ ချက်ကို အသေးစိတ် ဟောပြောခဲ့ပြီး မုံရွာမြို့ခံ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုနဲ့အတည်ပြုခဲ့ပြီး ၂၀၁၆ ဇန်နဝါရီ ၁ ရက်က စတင်အသက်ဝင်ခဲ့တာဖြစ်ပါတယ်။

၁၅ နှစ်ကြာ ဆောင်ရွက်မယ့်  ဒီစီမံကိန်းအောင်မြင်ဖို့ အစိုးရတင်မက၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူတဦးချင်းစီ ပူးပေါင်းပါဝင်ဖို့ လိုအပ်တာကြောင့် လိုက်လံဟောပြောတာတွေ ပြုလုပ်နေတာလို့လည်း ဆိုပါတယ်။

ဒီဟောပြောပွဲကို အခြားတိုင်းနှင့်ပြည်နယ်တွေမှာလည်း လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်မယ့် အမျိုးသားဘက်စုံစီမံကိန်း၊ ဒေသန္တရနှင့် ကဏ္ဍအလိုက် နှစ်စဉ်၊ နှစ်လတ် စီမံကိန်းတွေ ပေါ်ပေါက်စေရန် ဆောင်ရွက်နေပြီး ဒေသတွင်း စောင့်ကြည့်ရေးအဖြစ် မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013