DVB Logo
Home
Lead Story
ကုလမှာ အလဲထိုးခံခဲ့ရတဲ့ သမ္မတထရမ့်ရဲ့ ဂျေရုဆလင် ဆုံးဖြတ်ချက်
DVB
·
December 25, 2017
ကုလမှာ အလဲထိုးခံခဲ့ရတဲ့ သမ္မတထရမ့်ရဲ့ ဂျေရုဆလင် ဆုံးဖြတ်ချက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဂျေရုဆလင်မြို့ကို အစ္စရေးလ်မြို့တော် အဖြစ် အသိအမှတ်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေညီလာခံကြီးမှာ မဲခွဲဆုံးဖြတ်ရာမှာ သမ္မတထရမ့်ရဲ့ အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ထောက်ခံမဲပေးတဲ့ နိုင်ငံပေါင်းက ၁၂၈ နိုင်ငံ ကန့်ကွက်မဲပေး နိုင်ငံက ၉ နိုင်ငံနဲ့ မဲမပေးတဲ့ နိုင်ငံက ၃၅ နိုင်ငံ၊ မဲခွဲမှုမှာ မပါဝင်ခဲ့တဲ့ နိုင်ငံက  ၂၁ နိုင်ငံ ရှိတဲ့အတွက် အလဲထိုးမခံရသေးဘူးလို့ ပြောမယ်ဆိုရင်တောင် မေးတော့ ကွဲအောင် အထိုးခံခဲ့ရပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို မဲခွဲမဆုံးဖြတ်ခင်မှာ အမေရိကန်သမ္မတက ကုလသမဂ္ဂကို သူတို့နိုင်ငံက ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေကို မထည့်တော့ဘဲ ရပ်ပစ်လိုက်မယ်တို့၊ သူ့ကို ဆန့်ကျင်တဲ့ နိုင်ငံတွေကို ငွေကြေးထောက်ပံ့မှု ရပ်ပစ်လိုက်မယ်တို့၊ သူ့ကို ထောက်ခံတဲ့ နိုင်ငံတွေကို ငွေကြေးအကူအညီတွေ ပေးမယ်တို့ စသဖြင့် ခြိမ်းခြောက် မက်လုံးပေးမှုတွေကို လူကြီးလူကောင်းမဆန် လုပ်ခဲ့ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၂၈ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပြီး ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီကိစ္စမှာ သူ့ရဲ့ အနောက်မဟာမိတ်နိုင်ငံတွေနဲ့ အာရပ်မဟာမိတ်နိုင်ငံတွေက ကန့်ကွက်ခဲ့ကြတဲ့အထဲမှာ အမေရိကန်အစိုးရဆီက အဓိက စစ်ရေးနဲ့ စီးပွားရေး ကူညီပံ့ပိုးမှု ရယူနေခဲ့တဲ့ အီဂျစ်၊ ဂျော်ဒန်နဲ့ အီရတ်နိုင်ငံတွေလည်း အပါအဝင် ဖြစ်ခဲ့တဲ့အတွက် အမေရိကန်အဖို့ သင်းကွဲကျန်ခဲ့ရတာ ဖြစ်ပါတယ်။

အနောက် ကျောထောက်နောက်ခံ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ကတော့ မဲခွဲဆုံးဖြတ်မှုဟာ “ပါလက်စတိုင်းတွေရဲ့ အောင်ပွဲပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်က နာတာညာဟုကတော့ မဲခွဲဆုံးဖြတ်မှုကို ကန့်ကွက်ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေကလည်း “ဒီကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ကျမတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ အခွင့်အရေးကို အသုံးချတာကို၊ အတိုက်ခိုက်ခံ သင်းကွဲဖြစ်သွားရတဲ့နေ့ကို အမေရိကန်ပြည်ထောင်စုက အမှတ်ရနေမှာပါ။” လို့ ကြာသပတေးနေ့ အဲဒီအထွေထွေညီလာခံမှာ မဲခွဲမဆုံးဖြတ်ခင်ကတည်းက ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံကို ကြိုတင်ပြောဆိုထားခဲ့ပြီး ဖြစ်ပါတယ်။

တကယ်တော့ သမ္မတ ထရမ့်ရဲ့ လုပ်ရပ်အပေါ် ဒေါသဖြစ်ခဲ့ကြတဲ့ ပါလက်စတိုင်းတွေအဖို့ သူတို့နဲ့ အစ္စရေးလ်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပြောဆိုမှုတွေအတွက် အထိရှဆုံး အဟန့်အတား အနှောင့်အယှက်တခု ဖြစ်သွားခဲ့ရတာလည်း အမှန်ပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး ဖရန်ဆဝါ ဒါလာထရေးကလည်း “ဒီကနေ့ ဆုံးဖြတ်ချက်ကတော့ ဂျေရုဆလင်နဲ့ပတ်သက်ပြီး သတ်မှတ်ချထားတဲ့၊ ဆက်စပ်နေတဲ့ နိုင်ငံတကာဥပဒေတွေကို အတည်ပြုလိုက်တာ သက်သက်ပါပဲ” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီမဲခွဲမှုမှာ အမေရိကန်ရဲ့ ဥရောပ မဟာမိတ် ပြင်သစ်နိုင်ငံက ကန့်ကွက်တဲ့ဘက်က မဲပေးခဲ့တာဖြစ်ပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် နာတာရာဟုကတော့ ဆုံးဖြတ်ချက်ကို အဓိပ္ပာယ်မရှိ မိုက်မဲတဲ့ ဆုံးဖြစ်ချက်ပဲလို့ ကောက်ချက်ချပါတယ်။ ဒါကတော့ သူ့နိုင်ငံ အကျိုးစီးပွားကို ဆန့်ကျင်လာတဲ့အတွက် တုံ့ပြန်ပြောလိုက်တဲ့ စကားသက်သက် ဆိုတာ ရှင်းပါတယ်။

ဒါပေမယ့် ဒါဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို လိုက်နာဖို့ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေ အများစုရဲ့ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက မလွဲမသွေ လိုက်နာဖို့ တာဝန်ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးက အများသဘောတူ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဒီမိုကရေစီ အခြခံမူအရ လေးစားလိုက်နာကြမှပဲ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ကနဦး ရည်ရွယ်ချက်ဟာ အထမြောက်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ သူ့ဟာသူ အင်အားအရ၊ စီးပွားရေး အင်အားအရ မဟာအင်အားကြီးနိုင်ငံ ဖြစ်နေပေမယ့် ကုလသမဂ္ဂဝင် နိုင်ငံအများစုရဲ့ အဆုံးအဖြတ်ကို နာယူလက်ခံပြီး အမေရိကန်သမ္မတဟာ သူ့ရဲ့ လက်လွတ်စပယ် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ အရေးသိပ်ကြီးပါတယ်။

အခုပြောလိုရင်း အမေရိကန်သမ္မတရဲ့ ဘာသာရေးအထွတ်အမြတ်ဖြစ်တဲ့ အငြင်းပွားနေဆဲ ဂျေရုဆလင်မြို့ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် လက်ခံ အသိအမှတ်ပြုလိုက်တယ် ဆိုတာကတော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို မထီလေးစား လုပ်လိုက်တာပါပဲ။ နိုင်ငံတနိုင်ငံဟာ အချုပ်အခြာအာဏာ ရှိရမယ်၊ ရှိတယ် ဆိုပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်ချက်တွေဟာ သူ့နိုင်ငံမှာရှိတဲ့ ပြည်သူလူထုကို အကျိုးယုတ်စေ၊ ထိပါးနာကျင်ခံစားရစေ၊ အသက်အန္တရာယ် ရှိစေတယ်ဆိုတာ ထင်ရှားပေါ်လွင်နေတယ် ဆိုရင်တော့ အဲဒီအချုပ်အခြာအာဏာကို မထိပါးရေး လုပ်ပြီး ကြည့်နေလို့ မဖြစ်နိုင်ပါဘူး။ ရပ်ကွက်ထဲက အိမ်တအိမ်မှာ ဆိုးသွမ်းတဲ့ အိမ်ထောင်ဦးစီး ဆိုသူက ကိုယ့်သားမယားနဲ့ သားသမီးတွေကို ထင်သလိုလုပ်၊ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်နေတာကို အိမ်နီးနားချင်းတွေက ကြည့်နေသင့်သလား ဆိုတဲ့ လူမှုကျင့်ဝတ်ကိုပဲ ပြန်စဉ်းစားကြဖို့ လိုပါတယ်။ အနည်းဆုံး အဲဒီအိမ်ထောင်ဦးစီး ဆိုသူကို ဆက်မလုပ်အောင် ဝိုင်းဆွဲ၊ ဆက်လုပ်ရင် ဥပဒေအရ အရေးမယူနိုင်သေးခင်မှာ ချုပ်နှောင်ဖမ်းဆီး တားထားတာမျိုးကိုတော့ လုပ်ကိုလုပ်ရမယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

အဲဒီလို စောင့်ရှောက်ရမယ့် လောကပါလတရားတွေကို မလိုက်နာ မစောင့်ထိန်းကြဘူး ဆိုရင်တော့ လူ့လောက ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်သွားမှာ သေချာပါတယ်။ ကိုယ်ကျိုးစီးပွား အတ္တ ဗဟိုပြုသူတွေ မိသားစုက စလို့ နိုင်ငံအထိ အာဏာရယူ အလွဲသုံးစားလုပ်နေသူတွေက သူတို့အမှန် ငါ့အချုပ်အခြာအာဏာကို မထိပါးနဲ့၊ ငါ့သဘော ငါ့အိမ်မှာ၊ ငါ့နိုင်ငံမှာ ငါထင်သလို လုပ်မယ်လို့ ပြောနေ ခုခံကာကွယ်နေကြမှာပါပဲ။ ဒါကြောင့်လည်း ကမ္ဘာ့သမိုင်းမှာ လူတွေ သန်းပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံ အသတ်ခံခဲ့ကြရတာတွေ အထင်အရှား ရှိခဲ့ပါပြီ။ ငါနဲ့ မဆိုင်ဘူး၊ ဝင်ပြောရင် ကိုယ်ကျိုးစီးပွား ထိခိုက်မယ်၊ ကြည့်နေလိုက် ဆိုတဲ့ အတွေးအခေါ်ရှိတဲ့ အချောင်သမားတွေ အင်အားကောင်းလာတာနဲ့အမျှ လူအ့ဖွဲ့အစည်းပျက်ဖို့ နီးသထက် နီးလာပြီလို့ ပြောရမှာပါပဲ။

ဆောင်းပါးစ ပြန်ကောက်ရရင် တကယ်တော့ အစ္စရေးလ်ဟာ ၁၉၆၇ ခုနှစ် အာရပ်-အစ္စရေးလ် ၆ ရက် စစ်ပွဲမှာမှ အရှေ့ဂျေရုဆလင်မြို့ကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံမဲ့ ပါလက်စတိုင်းတွေကတော့ အနာဂတ် သူတို့နိုင်ငံရဲ့ မြို့တော်အဖြစ် မျှော်မှန်းခဲ့ကြ ရယူဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ရာဗတ်ဇာရစ်ဖ်ကတော့ ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်မှုကို ဒါဟာ သမ္မတထရမ့်ရဲ့ “လူဆိုးလူမိုက်ဆန်ဆန် ခြိမ်းခြောက်မှု” ကို နိုင်ငံတကာက လက်မခံ ငြင်းဆန်တယ် ဆိုတာကို ပြသလိုက်တာပဲလို့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဂျေရုဆလင်ကိစ္စ မဲခွဲမဆုံးဖြတ်ခင် သမ္မတထရမ့်ရဲ့ အမေရိကန် မဟာမိတ်နိုင်ငံတွေအပေါ် ထောက်ပံ့မှုတွေ ဖြတ်တောက်ပစ်မယ်ဆိုတဲ့ လေလုံးထွားမှုက မဟာမိတ်နိုင်ငံတွေကို ထိတ်လန့်အံ့သြဖြစ်စေခဲ့ပေမယ့် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ ဟီသာနောအတ်ကတော့ ကြာသပတေးနေ့ ကုလမဲခွဲမှုကတော့ ဝါရှင်တန်အနေနဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကို စဉ်းစားရတော့မယ်ဆိုတဲ့ အချက်အချက်ပဲ ဖြစ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာလို့ ပြောရပါမယ်။ သမ္မတတယောက်က ထင်ရာစိုင်းနေတာကို ပြန်စဉ်းစားရတော့မယ်၊ ထိန်းချုပ်ဖို့ ပြောင်းလဲဖို့ လိုမယ်လို့ စဉ်းစားမယ့်သူတွေ ရှိနေသေးတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

မတရားမှု ကျူးလွန်နေတဲ့သူတွေ၊ ကျူးလွန်နေတဲ့သူတွေကို အားပေး ရပ်တည်ပေးနေသူတွေကိုတော့ ဆိုင်ရာနိုင်ငံက ပြည်သူလူလူထုတွေရော နိုင်ငံတကာ ပြည်သူလူထုတွေပါ စည်းစည်းလုံးလုံး ဆန့်ကျင်တိုက်ဖျက်သွားရမှာ ဖြစ်တဲ့အကြောင်း။  

ဆောင်းပါး - စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013