DVB Logo
Home
မြန်မာသတင်း
လဲချားမြို့နယ် ရွာဦးဘုန်းတော်ကြီးကျောင်း မီးလောင်၊ ကျပ်သိန်း ၃ ထောင်ကျော်ဆုံးရှုံး
DVB
·
December 25, 2017
လဲချားမြို့နယ် ရွာဦးဘုန်းတော်ကြီးကျောင်း မီးလောင်၊ ကျပ်သိန်း ၃ ထောင်ကျော်ဆုံးရှုံး
1 / 4
Donate to DVB

 

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်ထဲမှာ မနေ့ ညနေ ၄ နာရီကျော်က ကန်တုံရွာဦး ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးပြီး ကျပ်သန်းပေါင်း သုံးထောင်ကျော် ဆုံးရှုံးခဲ့ပါတယ်။

လဲချားမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ ကန်တုံရွာဟာ မြို့နဲ့ အလှမ်းဝေးပြီး မီးသတ်ကားလည်းမရှိ၊ ရွာသားတွေလည်း လယ်ယာလုပ်ငန်းခွင်ဆင်းချိန် ဖြစ်တာကြောင့် မီးကူငြိမ်းတဲ့သူတွေမရှိဘဲ နာရီဝက်အတွင်းမှာ တကျောင်းလုံး လောင်ကျွမ်း သွားတယ်လို့ ကျောင်း ထိုင်ဆရာတော် ဦးတေဇနိယက ဒီဗွီဘီကို မိန့်ပါတယ်။

“မီးလောင်တဲ့အချိန် ဘုန်းဘုန်းက တောင်ကြီးကို အလုပ်ကိစ္စနဲ့ ခရီးထွက်ပြီး အပြန်လမ်း မှာ ကျောင်းကကိုရင်တွေ ဖုန်းဆက်လာတယ်။ ကျောင်းကြီးမီးလောင်သွားပြီတဲ့၊ ဘက်ထရီ အားသွင်းရင်း ၀ါယာကြိုးရှော့ဖြစ်ပြီး လောင်တာလို့ပြောတယ်။ ဒါပေမယ့် မီးလောင်ရတဲ့ အကြောင်းကို ရွာပြန်ရောက်မှ သေချာပြန်မေးကြည့်မှသိရမယ်။ အခုရွာကို အမြန်ဆုံးပြန်နေပါ တယ်။ ဘုန်းဘုန်းတို့ကျောင်းက မြို့နဲ့တအားဝေးတယ်။ မြို့ကမီးသတ်ကားလည်း မလာနိုင်ဘူး။ ရွာသားတွေလည်း ခြံသွားနေကြချိန်ဆိုတော့ ရှိတဲ့လူတွေနဲ့ငြိမ်းတော့ မနိုင်ဘူးပေါ့၊  မီးလောင်တာ နာရီဝက်ပဲကြာတယ်၊ အကုန်လောင်သွားပြီ။”

ကျောင်းတိုက်ထဲမှာ ကွန်ပျူတာ ၃ လုံး၊ မှန်ဘီဒို၊ ပရိဘောဂ အသုံးအဆောင်နဲ့ စာအုပ်ပေါင်း ၂၀၀ ကျော် လောင်ကျွမ်းသွားကြောင်း၊ အဲဒီထဲမှာ ပြန်ဝယ်လို့မရနိုင်တဲ့ စိန်စီ ရှေးဟောင်းရှမ်းပုရပိုဒ် ၅ အုပ်ပါသွားလို့ လွန်စွာနှမျောမိတယ်လို့ ဆရာတော်က ပြောပါတယ်။

အဆိုပါ ကျောင်းတိုက်မှာ စုလစ်မွန်းချွန်သွပ်မိုးထားပြီး အပေါ်က ပျဉ်ကာပျဉ်ခင်းနဲ့ အောက်ထပ်က အုတ်ခံ နှစ်ထပ်ကျောင်းဖြစ်ကြောင်း၊ ရွာသားတွေရဲ့အလှူငွေနဲ့ လွန်ခဲ့တဲ့ ၁၆ နှစ်က တည်ဆောက်ထားတာဖြစ်ပြီး အောက်ထပ်ကတော့ မနှစ်ကမှ အုတ်စီပြီးဆုံးတာဖြစ် ကြောင်း၊   ဒီလိုကျောင်းမျိုးပြန်ဆောက်မယ်ဆိုရင် ကျပ်သိန်းပေါင်း ၃ ထောင်ကျော် ကုန်ကျမှာ ဖြစ်ပြီး မီးလောင်ခံရတဲ့ ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်း ၂၀၀ ကျော်တာကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း သုံးထောင်ကျော်လို့ ပြောနိုင်ကြောင်း  ဆရာတော်က ဆက်လက် မိန့်ကြားသွားပါတယ်။

Photo: Jam Pwae

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013