DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီခံသတင်းထောက်များနျှင့်အတူ ရပ်တည်ကြောင်းကြော်ငြာ နိုင်ငံပိုင်သတင်းစာ ငြင်းပယ်
DVB
·
December 24, 2017
ဖမ်းဆီခံသတင်းထောက်များနျှင့်အတူ ရပ်တည်ကြောင်းကြော်ငြာ နိုင်ငံပိုင်သတင်းစာ ငြင်းပယ်
Donate to DVB

 

ဖမ်းဆီးခံ သတင်းထောက်တွေနဲ့ ရပ်တည်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ကြော်ငြာ ထည့်တာကို ပြန်ကြားရေးက ငြင်းပယ်လိုက်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ယောက်ကို လွန်ခဲ့တဲ့ ၂ ပတ်လောက်က အစိုးရလျှို့ဝှက် အက်ဥပဒေနဲ့ ဖမ်းဆီးထားပြီး မိသားစုနဲ့ပါ တွေ့ခွင့်မရတဲ့ အခြေအနေတွေကြောင့် သူတို့နဲ့ အတူရပ်တည်ကြောင်း၊ မျှတတဲ့ တရားစီရင်ရေးရဖို့ မျှော်လင့်ကြောင်း ဖော်ပြထားတဲ့ ကြော်ငြာကို နေပြည်တော် အခြေစိုက်သတင်းထောက်တွေက နိုင်ငံပိုင်သတင်းစာတွေမှာထည့်ဖို့ ကြိုးစားခဲ့တာပါ။

ကြော်ငြာကို ကြည့်ပြီးတာနဲ့ ကြော်ငြာဌာန ဝန်ထမ်းတွေက တိုက်ရိုက်လက်မခံပဲ အထက်လူကြီးတွေကို တင်ပြရမယ်ဆိုပြီး ကြော်ငြာခငွေကိုလည်း လက်ခံမယူခဲ့ပါဘူး။

သတင်းစာတိုက်ကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ Frontier Myanmar  က နေပြည်တော် တာဝန်ခံ ကိုဉာဏ်လှိုင်လင်းက “၂၁ ရက်နေ့က သွားပေးတယ်။ လက်မခံသေးဘူး။ ကျနော်လည်း ဖုန်းဆက်စုံစမ်းနေတာ ၃ ရက်အတွင်း အကြိမ် ၃၀ ကျော်တယ်။ ၂၃ ရက်နေ့မှာတော့ ကြော်ငြာဌာန တာဝန်ခံဆိုတဲ့ ဒု ညွှန်မှူး ဦးသက်ပိုင်ထူးက ဖုန်းဆက်လာတယ်။ သူတို့ရဲ့ ကြော်ငြာစိစစ်ရေး အယ်ဒီတာ ဘုတ်အဖွဲ့က အခုထည့်ပေးဖို့ မဖြစ်နိုင်ပါဘူးလို့ အကြောင်းပြန်တယ်” လို့ ပြောပါတယ်။

သူတို့ရဲ့ ကြော်ငြာမှာ “ရိုက်တာသတင်းဌာနအတွက် သတင်းထောက်တာဝန်ထမ်းဆောင် ရင်း ဖမ်းဆီးခံရတဲ့ ကိုဝလုံး၊ ကိုမိုးအောင်တို့နဲ့အတူ ရပ်တည်ပါတယ်။ သတင်းထောက်ရဲ့ တာဝန်ဖြစ်တဲ့ အများပြည်သူ သတင်းသိပိုင်ခွင့်အတွက် အမှန်တရားကို ကြိုးပမ်းဖော်ထုတ်ရင်း ဖမ်းဆီးထိန်းသိမ်းခံရ တဲ့အတွက် ဥပဒေနဲ့အညီ တရားမျှတတဲ့ တရားစီရင်ရေးရဖို့ မျှော်လင့်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဘက်က ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုပေးဖို့ တောင်းဆိုပါတယ်။ သူငယ်ချင်းတို့ အမြန်ဆုံး လွတ်မြောက်ပါစေ” လို့ ရေးသားထားတာပါ။

နေပြည်တော်အခြေစိုက် သတင်းထောက်တယောက်ဖြစ်တဲ့ ကိုစိုးရက “ရိုက်တာ သတင်းထောက်တွေ ကို ဖမ်းပြီးနောက်တနေ့ သတင်းစာတွေမှာ လူဆိုးသူခိုးလို၊ မူးယစ်ဆေးဝါး မိသလိုမျိုး ပါလာတယ်။ တကယ်အပြစ်ရှိတယ်လို့ ဘယ်တရားရုံးကမှ ဆုံးဖြတ်ချက် ချမထားခင်မှာ အခုလိုလုပ်ရပ်က သတင်းထောက်တွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေပါ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့် ရှိတယ် ဆိုတာကို ချိုးဖေါက်ခံရတာဖြစ်တယ်။ ဒီမိုကရေစီ အစိုးရသစ်အတွက် ဒါက တော်တော်လေး စိုးရိမ်စရာ အချက်ဖြစ်ပါတယ်။ ဒီကိစ္စကို ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူထားတဲ့ ဝန်ကြီးအနေနဲ့ တိတိလင်းလင်း တာဝန်ခံသင့်တယ် ထင်လို့ ကျနော်တို့တွေ ကြေငြာသွားထည့်ခဲ့တာပါ” လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပိုပြီး ပြည့်ပြည့်စုံစုံသိရဖို့ ဦးသက်ပိုင်ထူးကို ဒီဗွီဘီက ဖုန်းဆက်ခဲ့ပေမယ့် မရခဲ့ပါဘူး။

မီဒီယာကောင်စီဝင် ဦးမြင့်ကျော် “ကြော်ငြာလိုဟာမျိုးမှာတောင် မတူတဲ့အမြင်မျိုးကို လက်မခံဘူး ဆိုရင်တော့ သတင်းမှာ မတူတဲ့အမြင်ကိုထည့်ဖို့ ပိုဝေးတာပေါ့။ သတင်းမှာ လွတ်လပ်ဖို့ မျှော်လင့်ဖို့က ပိုပြီး ဝေးတယ်” လို့ ပြောပါတယ်။

ဒီကြော်ငြာတွေကို ပုဂ္ဂလိက ထုတ်ဝေတဲ့ The Speake ဂျာနယ်နဲ့ ဆဲဗင်းဒေး သတင်းစာတွေမှာတော့ ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013