DVB Logo
Home
မြန်မာသတင်း
ကယားတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရသူ ၅ ဦးတွေ့၊ ၁ ဦး သေဆုံး
DVB
·
December 23, 2017
ကယားတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရသူ ၅ ဦးတွေ့၊ ၁ ဦး သေဆုံး
Donate to DVB

ကယားပြည်နယ်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမထိုးနှံခင် သုံးလအတွင်းမှာ ကူးစက်ခံထားရသူ ၅ ယောက် တွေ့ပြီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်တိုးချဲ့ကာကွယ်ဆေးထိုးနဲ့ ကူးစက်ဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ထွန်းနေဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်ကနေ အောက်တိုဘာအထိ သံသယလူနာ ၁၁ ယောက်ကို စစ်ဆေးခဲ့ရာမှာ ၅ ယောက်မှာ ပိုးတွေ့ခဲ့တာပါ။

“သွေးစစ်ထားတဲ့ ၁၁ ယောက်မှာ ၃ ယောက်က ရောဂါမရှိဘူး။ နောက် ၃ ယောက်ကတော့ အဖြေမရသေးဘူး။ ၁ ယောက်ကတော့ ဒီလထဲမှာပဲ သေဆုံးခဲ့ပါတယ်။ သူက စက်တင်ဘာ ၂၀ ရက်ကပဲ ဆေးရုံတက်ခဲ့တယ်။ ဒါပေမယ့် ဒီရောဂါက ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးမရှိဘူးလေ။ ဆေးရုံကဆင်းပြီး ၁ လကျော်မှာ သူ့အိမ်မှာပဲ ဆုံးသွားတာပါ” လို့ ပြောပါတယ်။

ကျန်တဲ့ ၄ ယောက်မှာလည်း ကိုယ်အင်္ဂါ မသန်စွမ်းတာ၊ စကားမပြောနိုင်တာ စတာတွေ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

အခုလို သံသယလူနာတွေ့ရတာကလည်း လွိုင်ကော်ဆေးရုံကို ရောက်လာတဲ့ လူနာထဲကပဲ တွေ့ရတာ ဖြစ်ပြီး ဆေးရုံကို ရောက်မလာတဲ့ သူတွေထဲမှာလည်း ရှိနေနိုင်တယ်လို့ ဆက်ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးတာကို ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ထိုးနှံခဲ့ပြီး ကယားပြည်နယ်မှာ ရာနှုန်းပြည့်နီးပါး ထိုးနိုင်ခဲ့တယ်လို့လည်း ဒေါက်တာ ထွန်းနေဝင်းက ပြောပါတယ်။

နိုဝင်ဘာလမှာ လူပေါင်း ၆ သောင်းခွဲလောက် ထိုးနိုင်ပြီး ရည်မှန်းလူဦးရေရဲ့ ၉၈ ရာခိုင်နှုန်း၊ ဒီဇင်ဘာလမှာတော့ လူပေါင်း ၃ သောင်းခွဲလောက်ထိုးနိုင်ပြီး ရည်မှန်းလူဦးရေရဲ့ ၉၄ ရာခိုင်နှုန်း ထိုးပေးနိုင်ခဲ့တာပါ။

ဒေါက်တာ ထွန်းနေဝင်းက “ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးတာ တချို့ရှိခဲ့တော့ ဒီဇင်ဘာ ဆေးထိုးပတ်ရဲ့ အစမှာ လူနည်းခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်များလာပါတယ်။ အဓိက ပြောချင်တာကတော့ ဒီရောဂါ ဖြစ်လာပြီဆိုရင် ကုသဖို့ ဆေးမရှိတာကြောင့် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးဖို့ပါပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဆေးထိုးအစီအစဉ်မှာ အသက် ၉ လကနေ ၁၅ နှစ်အရွယ် ကလေးနဲ့ လူငယ်ပေါင်း ၁၄ သန်းလောက်ကို ထိုးနှံပေးခဲ့ပြီး လာမယ့် ဇန်နဝါရီကစပြီးတော့ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ထည့်သွင်းထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013