DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ARSA တပ်မှူး ၁ ဦးနဲ့ အဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ
DVB
·
August 20, 2026
Photo: Times of Bangladesh
Photo: Times of Bangladesh
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူးခီယားမြို့နယ်ရှိ အမှတ် ၆ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ် (ARSA) အဖွဲ့ရဲ့ တပ်မှူးတယောက်နဲ့ နောက်လိုက်တယောက်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွင်း သတင်းစာတွေက ရေးသားကြပါတယ်။

ဩဂုတ် ၁၉ ရက်နေ့ ညနေပိုင်း ၉ နာရီဝန်းကျင်က ARSA တပ်မှူးဖြစ်သူ မိုဟာမက် အာလံ မူဆာ (၄၀ နှစ်)နဲ့ နောက်လိုက်ဖြစ်သူ အာဗ္ဗဒူ ဟာဖက်ဇ် (၂၂ နှစ်) တို့ကို ဒုက္ခသည်စခန်းတွင်း လုံခြုံရေးယူထားတဲ့ အမှတ် ၁၄ လက်နက်ကိုင်ရဲတပ်ရင်းက ဖမ်းဆီးခဲ့တာလို့ ဒေသ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ARSA တပ်မှူးနဲ့ နောက်လိုက်တယောက်ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲ ခိုအောင်းနေတယ်လို့ သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးခဲ့တာလို့ အမှတ် ၁၄ လက်နက်ကိုင်ရဲတပ်ရင်းရဲ့ တပ်ရင်းမှူးဖြစ်သူ မိုဟာမက် စီရက်ဂျ် အာမင် ကပြောပါတယ်။

“ထောက်လှမ်းရေး သတင်းအရ ARSA တပ်မှူး မိုဟာမက် အာလံ မူဆာနဲ့ သူ့နောက်လိုက် အာဗ္ဗဒူ ဟာဖက်ဇ်တို့ဟာ အမှတ် ၆ စခန်းဧရိယာထဲမှာ ခိုအောင်းနေထိုင်နေတယ်လို့ သတင်းရရချင်းပဲ အဲဒီနေရာကို ဝင်ရောက်စီးနင်းပြီး သူတို့နှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။ ကနဦး စစ်ဆေးမေးမြန်းချက်တွေအရ သူတို့ဟာ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။” 

လက်နက်ကိုင်ရဲတပ်ရင်း (APBN) ရဲ့ အဆိုရ ARSA အဖွဲ့ရဲ့ တပ်မှူး မိုဟာမက် အာလံ မူဆာ ဟာ လူသတ်မှုတခုမှာ တရားခံပြေးအဖြစ် အမှုဖွင့်ခံထားရသူဖြစ်သလို အူခီယားမြို့နယ် ရဲစခန်းမှာလည်း လူသတ်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ လက်နက်မှုတွေ အပါအဝင် အမှုပေါင်းမြောက်မြားစွာနဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။

မိုဟာမက် အာလံ မူဆာ အပေါ် ရဲတပ်ဖွဲ့က လက်ရှိ စွဲဆိုထားတဲ့ အမှုတွေအတွက် တခုချင်းစီကို တရားရုံတင်ပြီး စစ်ဆေးနေပြီး သူဟာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လက်နက်မှုတွေ အပါအဝင် ရာဇဝတ်မှု တော်တော်များများကို ကျူးလွန်ထားသူ ဖြစ်တယ်လို့လည်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ARSA တပ်မှူးနဲ့ နောက်လိုက်ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် အူခီယားမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးသွားမယ်လို့ APBN တပ်ရင်းမှူး စီရက်ဂျ် အာမင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကလည်း အူခီးယားမြိုန့ယ်ရှိ အမှတ် ၈ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်းမှာ ARSA တပ်မှူးတယောက်ကို RSO အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

ရိုဟင်ဂျာလက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO၊ ARA အဖွဲ့တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာ အခြေစိုက်ပြီး စခန်းတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ လက်နက်မှောင်ခိုမှုတွေ အပါဝင် ရခိုင်ပြည်နယ်စပ်က လုံခြုံရေးစခန်းတွေနဲ့ ကုန်သည်တွေကိုလည်း မကြာခဏ ချုံခိုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Ref: Times of Bangladesh

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013