
တရားမဝင်ဆေးဝါး၊ ရက်လွန်ဆေးဝါး၊ ဆေးဝါးအတု နဲ့ ခွင့်မပြုဓာတုဆေးသုံးစွဲထားတဲ့ စားသောက်ကုန်တွေ ဒုတိယအကြိမ် မီးရှိုဖျက်ဆီးပွဲကို မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကိုင်းတောအမှိုက်ပစ်ကွင်းမှာ တိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ၂၀၁၆၊ ၂၀၁၇ ခုနှစ် ၂ နှစ်တာကာလအတွင်း သိမ်းဆည်းထားတဲ့ သက်တမ်းလွန်ဆေးဝါး၊ ဆေးဝါးအတု၊ တရားမဝင်ဆေးဝါးနှင့် ခွင့်မပြုဆိုးဆေးနှင့် ဓာတုပစ္စည်းတွေပါတဲ့ စားသောက်ကုန်တွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တာပါ။
အခုလို မီးရှို့ဖျက်ဆီးတာက ဒုတိယအကြိမ်ဖြစ်ပြီး ပစ္စည်းအမျိုးအစားအနေနဲ့ ဆေးဝါးမျိုးစုံ ၉၅၅ မျိုးနဲ့ ငပိ၊ လဖက်၊ ဝေဖာ၊ ယို စတဲ့ အစားအသောက် ၇ မျိုး၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၁၂ သိန်းကျော်ဖိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ကာလတန်ဖိုး ကျပ်သိန်း ၄၀ ကျော်ဖိုးရှိ အစားအသောက်နဲ့ ဆေးဝါးအမျိုးအစား ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
အခု မီးရှို့ဖျက်ဆီးတဲ့အထဲမှာ ဆေးဝါးအနေနဲ့ ပိုးသတ်ဆေးတွေက အများဆုံးပါဝင်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ၄ နှစ်တာကာလအတွင်း ဆေးဆိုင်တွေအားလုံးကို လစဉ်စစ်ဆေးမှုတွေ ပြုလုပ်လာတဲ့အတွက် အခုနောက်ပိုင်းမှာ ရက်လွန်ဆေး၊ စပ်ဆေး၊ တရားမဝင်ဆေး ရောင်းချတာတွေ နည်းပါးလာတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ဆေးဆိုင်ပေါင်း ၁၀၀၀ ကျော်ရှိပြီး မုံရွာမြို့မှာတော့ ဆေးဆိုင် ၈၅ ဆိုင်ရှိကာ အားလုံးက လိုင်စင်နဲ့ ရောင်းချနေတာလို့လည်း တိုင်းဦးစီးအရာရှိ ဒေါက်တာ လဝန်းရွှေက ဒီဗွီဘီကိုပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ဆေးဝါးအတုဖမ်းဆီးရမိမှုအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း ၂ ကြိမ်ထိရှိခဲ့ပါတယ်။
တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ဆေးဝါးတင်မက ဈေးတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကိုလည်း လိုက်လံစစ်ဆေးတာတွေရှိပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း မုံရွာ၊ ရွှေဘို၊ တန့်ဆည်၊ စစ်ကိုင်း စတဲ့မြို့ကြီးတွေက ဈေးကြီး ၅ ဈေးကို လိုက်လံစစ်ဆေးခဲ့ရာမှာ အစားအသောက်အမျိုးအစား ၅၀၉ မျိုး နမူနာကောက်ယူတဲ့အထဲက ၈၂ မျိုးမှာ စားသုံးရန်မသင့်တဲ့ ခွင့်မပြုဓာတုဆေးတွေ သုံးစွဲထားတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဓိက ဂျင်းချဉ်၊ လက်ဖက်ချဉ်၊ လက်လုပ်ချဉ်တွေမှာ Salicylic Acid တွေ သုံးထားတာတွေ့ရပြီး၊ အခြားစားသောက်ကုန်တွေမှာတော့ ဆိုဒီယမ်ဟိုက်ဒရိုဂျင်ဆာလဖိတ် တွေ တွေ့ခဲ့ရသလို ပဲသွေး၊ ပဲပြား စတာတွေမှာတော့ ဖော်မလင်တွေသုံးထားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ခွင့်မပြု ဓာတုဆေးသုံးစွဲထားတာတွေ့ရင် ဆိုင်ရှင်တွေကိုခေါ်ယူကာ ပထမအကြိမ်အနေနဲ့ ပညာပေး၊ ဒုတိယအကြိမ်အနေနဲ့ ခံဝန်လက်မှတ်ထိုးခိုင်းတာတွေလုပ်ထားပြီး တတိယအကြိမ်ဆိုရင် အစားအသောက်ဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်။
ဒီနေ့ကျင်းပတဲ့ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို မုံရွာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်ထွေအုပ်၊ စည်ပင်မှ တာဝန်ရှိသူတွေ၊ တိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက တာဝန်ရှိသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။











