DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် ကေအန်ပီပီ တပ်ဖွဲ့ဝင် ၄ ဦး၏ အရိုးအိုး တပ်မတော်က ပြန်ပေး
DVB
·
December 23, 2017
ဖမ်းဆီးခံရသည့် ကေအန်ပီပီ တပ်ဖွဲ့ဝင် ၄ ဦး၏ အရိုးအိုး တပ်မတော်က ပြန်ပေး
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က တပ်ဖွဲ့ဝင် ၄ ယောက်ကို တပ်မတော်က ဖမ်းဆီးသွားပြီး ပြန်တောင်းရာမှာ အရိုးအိုးတွေပဲ ပြန်ပေးခဲ့တယ်လို့ ပါတီအတွင်းရေးမှူး ၂ က ပြောပါတယ်။

ဒီလိုဖြစ်တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အများကြီး အနှောင့်အယှက်ဖြစ်ပြီး လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ သူက ဆိုပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က တပ်မတော် ရိက္ခာယာဉ်တွေမှာ သစ်တွေ တင်လာတဲ့ သတင်းရလို့ လွိုင်ကော် ၇ မိုင် ယာယီဂိတ်မှာ ကေအန်ပီပီတပ်သားတွေက စစ်ဆေးခဲ့ပြီး အဲဒီဂိတ်ကို တပ်မတော်က အင်အားနဲ့ ဝိုင်းခဲ့တာလို့ ပါတီ အတွင်းရေးမှူး ၂ ခူဒယ်နီယာယ်က ပြောပါတယ်။

“အင်အားကတော့ ၃၀ ကျော်လောက် ရှိမယ်။ အဲဒီနေရာက ခဏနားတဲ့ တဲပေါ့။ စခန်းလည်း မဟုတ်ဘူး။ ကျနော်တို့ တပ်သား ၄ ယောက်နဲ့ ရွာသားတယောက်ရှိတယ်။ တပ်သားတွေနဲ့ ဖုန်းပြောဖြစ်တော့ ပြဿနာမဖြစ်ဖို့နဲ့ ပြေပြေလည်လည်ဖြစ်အောင် ပြောဆိုဖို့ ပြောခဲ့တယ်။ နောက်နေ့မနက်မှာတော့ စခန်းကို ဝင်စီးခံရတယ်” လို့ ပြောပါတယ်။

အခင်းဖြစ်နေတဲ့အချိန်တွေမှာ သူကိုယ်တိုင် ဒကစ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) နဲ့ အဆက်အသွယ်လုပ်ပြီး ပြေလည်အောင် ကြိုးစားခဲ့ပေမယ့် တပ်သားနဲ့ ရွာသားကို ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“ဒကစမှူးနဲ့တွေ့တော့ သူက ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ စိတ်မကောင်းဘူး။ အဲလိုပဲ ပြောတယ်။ ကျနော်သဘောပေါက်လိုက်တယ်။ ကျနော်တို့ရဲဘော်တွေ သတ်ခံလိုက်ရပြီ။ အလောင်းတွေ ပြန်တောင်းတော့ ဒီဇင်ဘာ ၂၁ ရက်နေ့က အရိုးအိုးတွေ ပြန်ပေးတယ်။ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အများကြီး အနှောင့်အယှက်ဖြစ်ပါတယ်” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ တိုက်ခိုက်တာတွေ မဖြစ်ခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

ခုလို သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က လွိုင်ကော်မြို့ပေါ်မှာ ကရင်နီလူငယ်တချို့ ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။ ဒီဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေတာကို ထိခိုက်နိုင်တယ်လို့ ကယားပြည်နယ်ထဲက အရပ်ဘက်အဖွဲ့အစည်း တွေက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် နှစ်ဖက်တာဝန်ရှိသူတွေ အနေနဲ့ ဖြစ်ရပ်အပေါ် အဖြေရှာ ညှိနှိုင်းကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ခူဒယ်နီယာယ်ကတော့ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ လွှတ်တော် ဥက္ကဋ္ဌတို့ကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုထားတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013